ရေးမြို့နယ်အတွင်း ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ (၃)ရက်ဆက် တိုက်ပွဲဖြစ်

ရေးမြို့နယ်အတွင်း ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ (၃)ရက်ဆက် တိုက်ပွဲဖြစ်

မွန်ပြည်နယ် မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးတွင် လုံခြုံရေးရယူထားသည့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား (၃)ရက်အတွင်း တိုက်ပွဲ (၆)ကြိမ်ဖြစ်ပွားခဲ့ကြောင်း ပူးပေါင်းတပ်ထံမှ သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် ကလော့ကြီးကျေးရွာအနီး မောင်းနှင်လာသည့် စစ်ကောင်စီ ပွိုင့်ကားတစ်စီးကို ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူရှိသည်ဟု သိရသည်။

ဇွန်လ (၂၇)ရက်နေ့ နံနက်ပိုင်းကလည်း ရေးမြို့နယ် အောင်သာယာ၊ ကနင်ကမော့ကျေးရွာကြား ပရယ်သားအနီး လုံခြုံရေး ယူထားသည့် ပူးပေါင်းတပ်များသည် နယ်မြေကျူးကျော်လာသည့် စစ်ကောင်စီတပ် ခမရ(၅၉၁)စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်၏ အမြောက်တပ်(၃၁၇)က အနီးအနားကျေးရွာများကို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကာ  Mi 35P ရဟတ်ယာဉ်နှင့်လည်း သံကဒိုက်ဘုန်းကြီးကျောင်းအနီး ဗုံးကြဲခဲ့သည့်အပြင် ကနင်ကမော့နှင့် အောင်သာယာကြားရှိ ပရဲ့သားကျေးရွာကိုလည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်က ယင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အစင်ကျေးရွာမှ အရပ်သား ဒေါ်တင်တင်ရီ(၄၉)နှစ်မှာ လက်မောင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

ယင်းနေ့နံနက်ပိုင်းတွင်ပင် ရေးနှင့် သံဖြူဇရပ်ကြားရှိ ဘေးလမိုင်း  နှင့် အေးကမ္ဘာကြားတွင်လည်း လုံခြုံရေး ရယူထားသည့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲထပ်ဖြစ်ပွားခဲ့သည်ဟု သိရ သည်။

နေ့လည်ပိုင်းတွင်လည်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လုံခြုံရေးရယူထားသည့် ပူးပေါင်းတပ်များသည် ရေးမြို့နယ် စံပြနှင့် နှင်းစုံးရွာကြား၌ စစ်ကောင်စီတပ် ခမရ(၆၁)နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ဇွန်လ (၂၆)ရက်နေ့ ညပိုင်းတွင်လည်း ပရယ်သားကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့သေးသည်။

#TachileikNewsAgency