တောင်တရုတ်ပင်လယ်ထဲတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်ရန် မရှိတော့ဟု မိုးလေဝသပညာရှင် က ဆို

တောင်တရုတ်ပင်လယ်ထဲတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်ရန် မရှိတော့ဟု မိုးလေဝသပညာရှင် က ဆို

 တောင်တရုတ်ပင်လယ်ထဲတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း  GENER(19W)သည် ယနေ့ နေ့လည်ပိုင်းက တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး အနောက်ဘက်ကို  လျှင်လျှင်မြန်မြန် ရွေးလျားနေသည့်အတွက် တိုင်ဖွန်းမုန်တိုင်း ဖြစ်နိုင်ချေမရှိသလောက် ဖြစ်သွားပြီဟု သိရသည်။

"အခုလို အနောက်ဘက်ကို လျှင်လျှင်မြန်မြန် ရွေ့လျားနေတာကြောင့် စက်တင်ဘာလ (၁၉)ရက် နေ့လည်ပိုင်းမှာ ဗီယက်နမ် ကမ်းခြေ ဒါနန်းမြို့အနီးကို ရောက်ရှိလာမှာ ဖြစ်ကြောင်း၊ မုန်တိုင်းဗဟိုချက်အနီးမှာ 64knots ရှိလာမှ တိုင်ဖွန်းဖြစ်နိုင်ပြီး အခုလေဖိအားနည်းရပ်ဝန်း 19W - ဖိလစ်ပိုင်အမည်  GENER ကတော့ စက်တင်ဘာ (၁၉)ရက်နေ့မှာ အမြင့်ဆုံးလေတိုက်နှုန်း 33 knots သာ ရှိနိုင်တာမို့ တိုင်ဖွန်း မုန်တိုင်းဖြစ်နိုင်ချေက မရှိသလောက်ဖြစ်သွားပြီး မုန်တိုင်းနာမည် SOULIK ဆိုတာလဲ ရမှာ မဟုတ်တော့ကြောင်း တွေ့ရပါတယ်။"ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ နေ့လည်(၂)နာရီ (၈)မိနစ်အချိန်က ပြောကြားထားသည်။

လေဖိအားနည်းရပ်ဝန်း  GENER(19W)သည် ယနေ့  စက်တင်လာလ(၁၇)ရက်နေ့ နေ့လည်(၁)နာရီအချိန်က  ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက်(၅၅၇)မိုင်အကွာ တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး အနောက်ဘက်ကို တစ်နာရီ (၂၈)မိုင်(45 km/h)နှုန်းဖြင့် လျှင်လျှင်မြန်မြန်ရွေ့လျားနေခြင်း ဖြစ်ကြောင်း သိရသည်။

"ဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပေါ်နိုင်ချေကို စောင့်ကြည့်လေ့လာပြီး အတည်ပြုဆန်းစစ်ပေးနေတဲ့ Tropical Cyclone Prediction and Verification Center မှလည်း တောင်တရုတ်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်တန်းအဆင့်သို့သာ ရောက်ရှိနိုင်ကြောင်း ဆန်းစစ်အတည်ပြုထားပါတယ်။ ECMWF, GF နဲ့ ICON model တွေကတော့ အနောက်ဘက်ကို လေဖိအားနည်းရပ်ဝန်း(TD-Tropical Depression)အနေနဲ့ ဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းပေးထားကြဆဲဖြစ်ပါတယ်။"ဟု ဦးဝင်းနိုင်က ဆိုသည်။

"မည်သို့ပင်ဆိုစေ သတင်းကောင်းတခုအနေနဲ့တော့ မုန်တိုင်းအားက YAGI လို CAT-4 တိုင်ဖွန်းမုန်တိုင်းအားဖြစ်လာမှာ မဟုတ်တာကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုကလဲ အများကြီးလျော့ကျသွားပါလိမ့်မယ်။"ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။

#TachileikNewsAgency

Photo: မိုးလေဝသပညာရှင် ဦးဝင်းနိုင်