ကချင်ပြည်နယ်အတွင်း ဆော့လော်မြို့ကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်အတွင်း ဆော့လော်မြို့ကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေခရိုင်ရှိ ဆော့လောမြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ဆော့လောမြို့သည် မြို့နယ်အဆင့်ဖြစ်ပြီး စစ်ကောင်စီတပ်၏ ခလရ(၂၉၈) အချက်အချာစခန်းအား ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း သိမ်းပိုက်ရရှိကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိသည်ဟု သိရသည်။

"ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေ၊ တပ်စခန်းတွေလည်းသိမ်းရပါတယ်။ နဂိုကတည်းက မြို့ကွက်ကွက်လေးနဲ့ တပ်ပဲ ကျန်ပါတယ်။ လမ်းကြောဖြတ်တောက် ပိတ်ဆို့ထားတာ တစ်နှစ်ကျော်ခန့်ရှိပါပြီ။ တခါတလေ ရဟတ်ယဥ်နဲ့ ရိက္ခာချပေးတာနဲ့ အသက်ဆက်နေကြတာပါ။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား မည်မျှ ဖမ်းဆီးရမိသည်ကိုမူ စစ်ရေးသတင်းအရင်းအမြစ်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။

ဆော့လောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဧပြီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တစ်ခုတည်းသောကျန်ရှိသည့် စခန်းကို ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့တဲ့ ဧပြီလ(၆)ရက်နေ့တွင် ဆော့လောမြို့တွင်း အခြေစိုက် ခလရ(၂၉၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ကျော်ကျော်ဆိုသူကို KIA ကဖမ်းဆီးပြီးနောက် ဧပြီလ (၁၁)ရက်နေ့ ချီဖွေမြို့မှ ဆော့လောမြို့ကိုသွားသည့် လမ်းပိုင်း၊ ဆော့လောမရောက်မီ (၅)မိုင်အကွာတွင် တပ်စွဲထားသည့် မျောမောပြည်သူ့စစ်တပ်စခန်းအပြင် ဧပြီလ(၁၂) ရက်နေ့တွင် မျှော်ဇန်းကူးရွာရှိ နယ်ခြားစောင့်တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

ဧပြီလ (၁၆)ရက်နေ့တွင် ငါးမော်ဇွပ်နယ်ခြားစောင့်တပ်စခန်းနှင့် လန်ယာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် မြို့တွင်း၌ မြို့စောင့်တပ် ခလရ(၂၉၈)တစ်ခုတည်းသာကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် မြို့ကို သိမ်းပိုက်ထားနိုင်ပြီး မြို့ဧရိယာထဲတွင် စစ်ကောင်စီတပ်၏ ထော့ဂေါ်စခန်း နှင့်  စတီးကြောစခန်း စသည့် စခန်း(၂)ခုသာ ကျန်ရှိကြောင်း သိရသည်။



ဆော့လောမြို့နယ်သည် KIA တပ်မဟာ(၇)လက်အောက် တပ်ရင်း(၄၆)နယ်မြေဖြစ်သည်။

#TachileikNewsAgency