မြောင်မြို့ပေါ်ကို စက်တပ်လေထီးဖြင့် ဗုံးသီးချပြီး လက်နက်ကြီးဖြင့်ပါ တိုက်ခိုက်မှုကြောင့် အမျိုးသား(၂)ဦး သေဆုံး

မြောင်မြို့ပေါ်ကို စက်တပ်လေထီးဖြင့် ဗုံးသီးချပြီး လက်နက်ကြီးဖြင့်ပါ တိုက်ခိုက်မှုကြောင့် အမျိုးသား(၂)ဦး သေဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့ပေါ်ရှိ လူနေရပ်ကွက်ပေါ်ကို ၂၀၂၅ ခုနှစ် မတ်လ (၁၉)ရက်နေ့ ညပိုင်းတွင်  စက်တပ်လေထီးဖြင့် ဗုံးချတိုက်ခိုက်ပြီး ယနေ့တွင်လည်း လက်နက်ကြီးပစ်ခတ်နေ၍ အမျိုးသား (၂)ဦးသေဆုံးကာ၊ တစ်ဦး   ဒဏ်ရာရသွားကြောင်း သိရသည်။

“မနေ့ ညနေ (၃)နာရီက တစ်ကြိမ်၊ ညမှာ တစ်ကြိမ် စက်တပ်လေထီး (Paramotor)နဲ့ ဗုံးသီးချတိုက်ခိုက်တယ်။ ညက မြို့ပေါ် ရပ်ကွက်ထဲ ကြဲချတာ ဆရာမ သူဇာရှိန် အိမ်ပေါ် ကျလို့ မီးလောင်တယ်။ အိမ်တွေက စိပ်တယ်။ ဘယ်နှစ်အိမ် မီးကူးလဲ မပြောတတ်ဘူး။ ရပ်ကွက်ထဲလည်း လေထီးပြန်မှဝင်ပြီး ငြိမ်ငြိမ်လေးနေကြရတယ်။”ဟု ပြည်သူ့တပ်မတော် (မြောင်) MUA ဒေသခံခေါင်းဆောင် ကိုတိုက်ဂါးက Tachileik News Agency ကို မတ်လ (၂၀)ရက်နေ့တွင် ပြောသည်။

လေထီးဖြင့် ညအချိန် ဗုံးသီးချတိုက်ခိုက်ခြင်းကြောင့် ဗုံးကျသည့်နေအိမ်မှ ဆရာမမှာ ခြေထောက်ပြတ်ထွက်ဒဏ်ရာရကာ နေအိမ်လည်း မီးလောင်ပျက်စီးသွားသည် သိရသည်။

ယနေ့  နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က မြောင်မြို့မှနေ၍ အနီးတဝိုက်ကို လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ စက်တပ်လေထီး ပျံသန်းခြင်းများကို ပြုလုပ်နေပြီး ညနေ (၄) နာရီဝန်းကျင်၌ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် မြောင်မြို့တောင်ဘက် လှေတင်ဦးရွာမှ အရပ်သား အမျိုးသားတစ်ဦးနှင့် မြောင်မြို့မြောက်ဘက် ကျည်ကုန်းရွာမှ အရပ်သား အမျိုးသားတစ်ဦးတို့ သေဆုံးသွားသည်ဟု သိရသည်။

စစ်ကောင်စီ၏ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁)ခြေမြန်တပ်မဌာနချုပ်နှင့် ရေစကြိုမြို့ရှိ ခမရ (၂၅၆)၊ (၂၅၇)၊ (၂၅၈)တပ်ရင်းတို့မှ ရာနှင့်ချီအင်အားပါသည့် စစ်ကြောင်းဖြင့်  မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ်များကို စစ်ကြောင်းထိုးနေပြီး မုံရွာမြို့နယ်တွင် အခြေစိုက်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ စက်တပ်လေထီး(ပါရာမိုတာ)ဖြင့် မြောင်မြို့ကို ဗုံးသီးချ တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် မြောင်နှင့် ရေစကြိုမြို့နယ်များတွင် နေအိမ်များ မီးရှို့ခံရခြင်း၊ ဒေသခံများ အသတ်ခံရခြင်းများ ရှိနေခြင်းဖြစ်သည်။