မတ္တရာမြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် တပ်စခန်း(၈)ခုကို မန္တလေး PDF သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၆၄ ဦး ဖမ်းမိ

မတ္တရာမြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် တပ်စခန်း(၈)ခုကို မန္တလေး PDF သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၆၄ ဦး ဖမ်းမိ

မန္တလေးတိုင်း မတ္တရာမြိုနယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း (၈)ခုကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း၊ ကျောက်ခလုတ် တပ်စခန်းနှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ဆိုသည်။ 

မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကာ တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၁၂၅)လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့်အတူ ဒေသခံအဖွဲ့အစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့လည်း ပူးပေါင်းပါဝင်သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Mandalay People's Defence Force