ရွှေဘိုမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်

ရွှေဘိုမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းချင်းပျူစောထီးကျေးရွာ အနောက်ပိုင်းရှိ စစ်ကောင်စီနှင့်ပျူစောထီးများ ကင်းယူထားသည့် သုံးထပ်တိုက်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အနီးကပ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း မဟူရာရွှေဘိုသား LPDF က ၂၀၂၄ခုနှစ် သြဂုတ်လ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့နယ် မြင်းချင်းပျူစောထီးကျေးရွာ အနောက်ပိုင်းရှိ စစ်ကောင်စီနှင့်ပျူစောထီးများ ကင်းယူထားသည့် သုံးထပ်တိုက်အား သြဂုတ်လ (၅) ရက်နေ့ နံနက် (၆)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အနီးကပ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီနှင့်ပျူစောထီးများသည် ကင်းစခန်းအား စွန့်ခွာထွက်ပြေးပြီး မြင်းချင်းရွာ အရှေ့ပိုင်းရှိ  စစ်ကောင်စီ အထိုင်ချတပ်စွဲထားသည့် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် ပူးပေါင်းခံစစ်ပြင်ဆင်ကာ ခုခံတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အင်အားထပ်မံတိုးမြှင့်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်နေစဉ် နံနက် (၈)နာရီဝန်းကျင်တွင် အနီးအနားရှိ ပန်းရံပျူကျေးရွာ ၊ ဇီးကုန်း ပျူကျေးရွာနှင့် မင်္ဂလာရွာမှ ပျူစောထီးများသည် ကားသုံးစီးဖြင့် နှစ်ကြိမ် အင်အား (၅၀)ခန့်ဖြင့် မြင်းချင်းပျူရွာသို့ စစ်ကူဆင်းလာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မဟူရာရွှေဘိုသား LPDF အဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း မဟာမိတ်တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်တစ်ဦး အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား မဟူရာရွှေဘိုသား LPDF ၊ DaungMann ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်မဟာ ၊ MC ၊ Shwebo Federal Army ၊ Snake Eyes PDF၊ Warlord Defence Force ၊ Eyes For Eyes ၊ God of Satan နှင့် ရွှေဘိုမြို့နယ် ပကဖ (PDO) Drone အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ထမ္မခေါက်ကျေးရွာ စစ်ကောင်စီအထိုင်စခန်းမှ ဆိပ်ဖြူ-ပေါက် လမ်းမပေါ်သို့ လုံခြုံရေးယူရန် ရှေ့ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အသင့်ပြင်ထားသည့် မိုင်းကွင်းပေါ်သို့ ရောက်ရှိချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ထမ္မခေါက်ကျေးရွာ စစ်ကောင်စီအထိုင်စခန်းမှ ဆိပ်ဖြူ-ပေါက် လမ်းမပေါ်သို့ လုံခြုံရေးယူရန် ရှေ့ကင်းထွက်လာသည့် အင်အား (၂၀) ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၎င်းတို့ ပုံမှန်ရပ်နားနေသည့် ချတောက်ရွာထိပ်တနေရာတွင် သြဂုတ်လ (၃)ရက်နေ့၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ နံနက်စာစားရန်ပြင်ဆင်နေချိန်တွင် အသင့်ကြိုထောင်ထားသည့် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ စစ်ကောင်စီဘက်မှ ဆယ်ဦးခန့်သေဆုံးခဲ့ကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်မှ ပြန်လည်ကြားသိရကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)၊ ဆိပ်ဖြူမြို့နယ် ပကဖ ၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း ၊ တပ်ခွဲ (၃) NSP တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency