မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ရှေ့ဆက်မတိုးနိုင်အောင် တိုက်ခိုက် ဖြတ်တောက်ထား

မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ရှေ့ဆက်မတိုးနိုင်အောင် တိုက်ခိုက် ဖြတ်တောက်ထား

ကရင်ပြည်နယ် မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ဦးဆောင် တိုက်ခိုက်ပြီး ဖြတ်တောက်ထားကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၁၈)ရက်နေ့တွင် KNUက သတင်းထုတ်ပြန်သည်။

ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာကျော် ထိခိုက်သေဆုံးခဲ့သောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဖက် တောင်ခြေတွင်သာ ရပ်တန့်နေကြောင်း သိရသည်။

ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များသည် ၎င်းတို့ လာရာလမ်းတစ်လျှောက်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ နေရာဒေသများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရသည့်အပြင် ပစ္စည်းဥစ္စာများလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့မှ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသော ခလရ(၂၇၅)တပ်စခန်းအား ဧပြီလ (၁၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်များသည် မြဝတီမြို့အား ပြန်လည်ရရှိရန် အောင်ဇေယျ အမည်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(K.N.D.O)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့မှ ၎င်းတို့လာရာ လမ်းတစ်လျှောက်တွင် အဆက်မပြတ် ဖြတ်တောက် တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : KNU