နေပြည်တော် ရေဘေးလာကူသည့် ပရဟိတအသင်းကား အစီး ၁၀၀ ကို New Day ဆီဆိုင်က စက်သုံးဆီ ၁၀ ဂါလံစီ အခမဲ့ဖြည့်ပေးမည်

နေပြည်တော် ရေဘေးလာကူသည့် ပရဟိတအသင်းကား အစီး ၁၀၀ ကို New Day ဆီဆိုင်က စက်သုံးဆီ ၁၀ ဂါလံစီ အခမဲ့ဖြည့်ပေးမည်
စက်တင်ဘာ 12, 2024 | အခြားဒေသများ

နေပြည်တော်သို့ ရေဘေးကယ်ဆယ်ရေး လာရောက်ကူညီကြမည့် ပရဟိတအသင်းယာဉ် အစီး (၁၀၀)ကို တစ်စီးလျှင် စက်သုံးဆီ (၁၀)ဂါလံစီ အခမဲ့ဖြည့်ပေးမည်ဟု New Day ဆီဆိုင်က ကြေညာထားသည်။

နေပြည်တော်နယ်မြေ၊ ပျဉ်းမနားမြို့၊ သပြေလှသက်ကယ်ကျင်းရပ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ New Day စက်သုံးဆီ အရောင်းဆိုင်များတွင် နေပြည်တော်နယ်မြေ တပ်ကုန်း၊လယ်ဝေးနှင့် ပျဉ်းမနားဒေသများသို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရန် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာမည့် ပရဟိတအသင်းများမှ ကားများ ဝင်ရောက်ဆီဖြည့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အခမဲ့ ဆီ (၁၀)ဂါလံ လာဖြည့်သည့် ရေဘေးကယ်ဆယ်ရေး လူနာတင်ယာဉ်ကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားမည်ဖြစ်ပြီး New Day Energy Co Ltd ၏ Facebook စာမျက်နှာတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်နယ်မြေ တပ်ကုန်း၊ လယ်ဝေးနှင့် ပျဉ်းမနားဒေသများတွင် ယမန်နေ့ မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျချောင်းရေများကြောင့် ရေကြီးနစ်မြုပ်မှုအတွင်း ပိတ်မိနေသူ အများအပြားကို ကယ်ဆယ်ရေးအတွက် အခြားဒေသများမှ လူမှုကူညီရေးအသင်းများပါ လာရောက်ကူညီနေကြခြင်းဖြစ်သည်။

#TachileikNewsAgency