မတူပီမြို့ကို မဟာမိတ်များနှင့်အတူ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင်ကြေညာ

မတူပီမြို့ကို မဟာမိတ်များနှင့်အတူ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင်ကြေညာ

ချင်းညီနောင်စစ်ဆင်ရေးအဖြစ်ဖော်ဆောင်ပြီး ရက် (၂၀) အကြာတွင် မတူပီမြို့အား မဟာမိတ်များနှင့်အတူ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ ၂၀၂၄ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ (၉) ရက်နေ့ မနက်ပိုင်းတွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် (AA)၊ Yaw Army (YA) နှင့် Yaw Defense Force (YDF)တို့ အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး အမှတ် (၃၀၄) ခြေမြန်တပ်ရင်းကို ၂၀၂၄ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ (၂၉) ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်းရှိ အကြီးဆုံးဖြစ်သည့် စစ်ဗျူဟာနှင့် အမှတ် (၁၄၀) ခြေမြန်တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မတူပီမြို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ နယ်မြေရှင်းလင်းမှုများလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မတူပီမြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကို CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ (၁၈) ရက်နေ့တွင် ဖနိုင်ရွာ မြောက်ဘက်၌ နောက်ကျောမှထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတူပီမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး နှောင့်နှေးကြံ့ကြာခဲ့ရကြောင်း ချင်းညီနောင်အဖွဲ့မှ ဆိုသည်။

ချင်းညီနောင် စစ်ဆင်ရေး Operation CB တွင် ချင်းညီနောင်နှင့် မဟာမိတ်များဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး တပ်ဖွဲ့ဝင်များ၏ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လရှိမှုအပေါ် လေးစားဂုဏ်ယူကြောင်းနှင့် ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ်အတွင်း မြို့နယ်များတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့တွင် ချင်းတော်လှန်ရေးအဖွဲ့များဖြစ်သည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (Zomi Federal Union)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (Chin National Coincil – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (Chin Defense Force – Kanpetlet) နှင့်  ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (Chinland Defense Force – Matupi) တပ်မဟာ (၁) တို့ ပါဝင်သည်။

#TachileikNewsAgency

Photo: PDF Zoland