စမုစခွန်တွင် CI ထုတ်ပေးမည့်စင်တာ ဧပြီလအထိ ဖွင့်မည်

စမုစခွန်တွင် CI ထုတ်ပေးမည့်စင်တာ ဧပြီလအထိ ဖွင့်မည်

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအတွက် သက်သေခံလက်မှတ်(CI) ထုတ်ပေးမည့်စင်တာတစ်ခုကို စမုစခွန်တွင် လာမည့်လအတွင်း ဖွင့်လှစ်ကာ လုပ်ငန်းများနှောင့်နှေးမှုမဖြစ်စေရေး ဆောင်ရွက်သွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြထားသည်။

ယမန်နေ့က ရွှေ့ပြောင်းလုပ်သားများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်ဟု ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ထုတ်သတင်းတွင် ဖော်ပြထားသည်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့မှ ရွှေ့ပြောင်းလုပ်သားများအတွက် ခရီးသွားလာခွင့် စာရွက်စာတမ်း (TD) ထုတ်ပေးခြင်းနှင့် အောက်တိုဘာ (၃၁)တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်မည့်သူများအတွက် သက်တမ်းတိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် အဆိုပါကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စမုစခွန်တွင် နောက်လအတွင်း ဖွင့်လှစ်မည့် အဆိုပါစင်တာကို ဧပြီလအထိ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လိုအပ်ပါက နောက်ထပ်စင်တာများ ထပ်ဖွင့်သွားမည်ဟု သိရသည်။

တစ်နိုင်ငံလုံးရှိ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အောက်တိုဘာ (၃၁)ရက်နေ့ နောက်ဆုံးထား မှတ်ပုံတင်ရန် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ စင်တာများ ဖွင့်လှစ်ခြင်းဖြစ်သည်ဟု သိရသည်။

ရွှေ့ပြောင်းလုပ်သားစာရင်းပြုစုသည့် လုပ်ငန်းစဉ်ကြောင့် လုပ်သားများ၏ အခွင့်အရေးနှင့် စီးပွားရေးကဏ္ဍတွင် ထိခိုက်မည်ကို စိုးရိမ်မှုများကိုလည်း ဆွေးနွေးမှုများအတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လုပ်သားရှားပါးမှုနှင့် မကြုံတွေ့စေရေးအတွက် ရွှေ့ပြောင်းလုပ်သားများအား နှစ်နှစ်အထိ ခွင့်ပြုမိန့်သက်တမ်းတိုးပေးရန်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အလုပ်ရှင်များအနေဖြင့် မိမိတို့ လုပ်သားများအား သတ်မှတ်ကာလအတွင်း အလုပ်လုပ်ခွင့် မှတ်ပုံတင်ပေးရေးနှင့် သက်တမ်းတိုးခြင်းတို့ကို လုပ်ဆောင်ပေးရန် အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Source: Bangkok Post

#TachileikNewsAgency 

Photo : Internet(ပုံဟောင်း)