စစ်တွေမြို့ ဗျိုင်းဖြူရွာသား ၄၁ ဦးကို စစ်ကောင်စီနှင့် ALP ပူးပေါင်းသတ်ဖြတ် 

စစ်တွေမြို့ ဗျိုင်းဖြူရွာသား ၄၁ ဦးကို စစ်ကောင်စီနှင့် ALP ပူးပေါင်းသတ်ဖြတ် 

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အရပ်သား (၄၁)ဦးကို အာရက္ခတပ်တော်(AA) ထောက်ခံသူဟုစွပ်စွဲပြီး စစ်ကောင်စီနှင့် ALP ပေါင်းကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး အလောင်းဖျောက်ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်နှင့် ALP တပ်များသည် ဗျိုင်းဖြူကျေးရွာကို ၂၀၂၄ ခုနှစ် ‌မေလ (၂၉)ရက်နေ့က ဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒေသခံ ၂၀၀ ဦးဝန်းကျင်ကို တေဗာကားနဲ့ယူလာပြီး စစ်တွေမြို့ထဲက ဝင်္ကဘာကွင်းမှာ ထားပစ်ခဲ့တယ်။ (၄၁)ဦးသတ်ခံရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်နှင့် ALP တပ်များသည် မေလ(၂၉)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး AA ဟု စွပ်စွဲ၍ သတ်ခြင်း၊ AA နှင့် ဆက်သွယ်သည်ဟုဆိုကာ သတ်ခြင်း၊ ခန္ဓာကိုယ်တွင် Arakan ဟု တက်တူးထိုးခြင်းကြောင့် သတ်ခြင်း စသည်အကြောင်းပြချက်များဖြင့် သတ်ဖြတ်သွားသည်ဟု ဆိုသည်။

"အားလုံးကို သေနတ်နဲ့ ပစ်သတ်သွားတာ။ ဖမ်းဆီးခံရသူတွကိုလည်း ကားနဲ့ခေါ်သွားတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသခံ(၄၁)ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးနောက် ကျန်ဒေသခံများကို ရွာအတွင်းသို့ ဝင်ခွင့်မပြုတော့ဘဲ စစ်တွေမြို့လယ် ဝင်္ကဘာကွင်းသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

သေဆုံးသွားသူများသည် အငယ်ဆုံး အသက်(၁၅)နှစ်မှ အကြီးဆုံး အသက်(၇၀)နှစ်ကြားအရွယ်တို့ဖြစ်ပြီး အမျိုးသား(၃၈)ဦးနှင့် အမျိုးသမီး(၃) ဦးတို့ ပါဝင်သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ ဦးကျော်ဆန်းဦး၊ ဦးကျော်သိန်း၊ ဦးကျော်ဝင်း၊ ဦးကျော်လှ၊ ဦးကုလားအောင်၊ ဦးကုလားကြီး၊ ဦးကုလားချေ၊ ဦးဖိုးသိန်းစိန်၊ ဦးမျိုးချေ၊ ဦးချဘုကောင်၊ ဦးဘောက်သာ(သား)၊ ဦးကိုကိုမောင်၊ ဦးခင်မောင်အေး၊ ကိုမောင်သန်း၊ ဦးကျော်နိုင်၊ ဦးမောင်ချီး၊ ကိုရဲကျော်၊ ကိုအောင်နိုင်ဌေး၊ ဦးဇော်မင်းထွန်း၊ ဦးမောင်လှဦး၊ ဦးသားချေ၊ ဦးမြင့်ချေ၊ ဦးမောင်ဆန်း၊ ဦးမောင်လှယေ၊ ကိုမောင်ထွီး၊ ဦးမောင်လုံးချေ၊ ဦးဦးကျော်နိုင်၊ ဦးမောင်သိန်းထွန်း၊ ဦးမောင်စံသား၊ ဦးကျန်သာထွန်း၊ မောင်ဘုမောင်၊ ဦးသန်းဌေးမောင်၊ ဦးဖားချေ၊ ဦးကိုကိုအောင်၊ ဦးအောင်သူချေ၊ မောင်ဖြိုးဖြိုးနိုင်၊ ဦးဇော်ထွန်းနိုင်၊ ဦးမျိုးသိန်းထွန်း၊ ဒေါ်ဦးခင်မြ၊ မသန်းသန်းနုနှင့် တစ်ခြား အမည်စုံစမ်းဆဲအမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency