ဝေါမြို့နယ်တွင် တော်လှန်ရေးတပ်များ တည်းခဲ့သည့် လယ်တဲပိုင်ရှင်နှင့် အမျိုးသားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီး လက်နက်များသိမ်းယူ

ဝေါမြို့နယ်တွင် တော်လှန်ရေးတပ်များ တည်းခဲ့သည့် လယ်တဲပိုင်ရှင်နှင့် အမျိုးသားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီး လက်နက်များသိမ်းယူ

ပဲခူးတိုင်း ဝေါမြို့နယ်တွင် တော်လှန်ရေးတပ်များတည်းခိုခဲ့သည့် လယ်တဲရှင်နှင့် မသင်္ကာသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး လက်နက်တချို့ကို သိမ်းယူသွားကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့က ဝေါမြို့နယ် အောင်ဇေယျကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ တည်းခိုခဲ့သည့် လယ်တဲကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက်  တပ်ဖွဲ့ဝင်များ မြှုပ်နှံခဲ့သည့် ရှော့တိုက်ဒုံးကို သိမ်းယူသွားကာ ဒေသခံ(၂)ဦးကိုလည်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“တော်လှန်ရေးအင်အားစုတွေ သွားလုပ်မယ့် မစ်ရှင်လုပ်ဖို့သွားတာ သတင်းပေါက်လို့လား ဒါမှမဟုတ် စစ်ကြောင်းကပဲ မသင်္ကာလို့လားမသိဘူး အဲဒီဘက်ကို စစ်ကြောင်းထိုးလာတော့ ပူးပေါင်းအဖွဲ့တွေ ပြန်ဆုတ်လာလိုက်တယ်။ အဲဒီမှာ တည်းခဲ့တဲ့ တဲရှင်နဲ့ မသင်္ကာသူတွေကိုဖမ်းလိုက်တယ်။ နောက်ပစ္စည်းတွေကို ဖမ်းမိသွားတယ်ပေါ့။”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်အင်အား(၄၀)ဝန်းကျင်ဖြင့် ဝင်ရောက်လာပြီးနောက် တဲရှင် ဦးဝင်းမြင့် အသက်(၅၆)နှစ်ကိုဖမ်းဆီးပြီး ဇနီးဖြစ်သူကို ရိုက်နှက်စစ်ဆေးသွားပြီးနောက် တဲအအနီး မြှုပ်နှံထားသည့် ရှော့တိုက်ဒုံး(၃)လုံး၊ လက်လုပ်မိုင်းတစ်လုံးနှင့် လက်လုပ်သေနတ်နှင့် ကျည်များကို သိမ်းဆည်းသွားသည်ဟု သိရသည်။

အောင်ဇေယျကျေးရွာနေ တဲရှင် ဦးဝင်းမြင့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဗျားဌက်ချေးဝင်း ကျေးရွာနေ ကိုအောင်ကိုကို (၃၀)နှစ်ကိုလည်း စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားကာ ဝေါမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု သိရသည်။ 

အဆိုပါဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဝေါမြို့နယ်တွင် အစစ်အဆေးတင်းကြပ်ထားသည်ဟုလည်း သိရသည်။

#TachileikNewsAgency