စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာကို အာဏာသိမ်းစစ်အုပ်စု၏ တပ်များက လုယက်မီးရှို့ခဲ့ပြီး ဒေသခံအများအပြားကို မီးရှို့သတ်ဖြတ်ခဲ့ရာ ရုပ်အလောင်း (၂၉)လောင်းအထိ တွေ့ရှိထားကြောင်း ဒေသခံများထံက သိရသည်။
အာဏာသိမ်းစစ်အုပ်စု၏ တပ်များက မေလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ မုံတိုင်ပင်ရွာကို ဝင်ရောက် ဖျက်ဆီကာ မီးရှို့ပြီးဒေသခံ အများအပြားကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
"မနေ့ကတည်းက အလောင်း (၁၉)လောင်းတွေ့တယ်။ ဒီနေ့ မနက် (၁၀)လောင်းထပ်တွေ့တယ်။ နှိပ်စက်သတ်ဖြတ်ထားတာ။ ရုပ်တွေတောင် မမှတ်မိတော့ဘူး "ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
ထို့အပြင် အာဏာသိမ်းစစ်အုပ်စု၏ တပ်များက မုံတိုင်ပင်ကျေးရွာ ဘုန်းကြီးကျောင်းမှ သံဃာ(၃)ပါးကိုလည်း ဒေသခံများနှင့်အတူ ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့သူများတွင် အဆိုပါ သံဃာများပါ ပါဝင်ကြောင်းဒေသခံများက ဆိုသည်။
အကြမ်းဖက်စစ်အုပ်စုက ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေပြီး မုံတိုင်ပင်ရွာတွင် နေအိမ် (၂၉)လုံး မီးရှို့ဖျက်ဆီးခံရကာ ယနေ့အထိဒေသခံ(၂၉)ဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားကြောင်း သိရသည်။
#TachileikNewsAgency