မင်းပြားမြို့မှ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်သွား

မင်းပြားမြို့မှ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်သွား

ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ အရပ်သား(၃၀)ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့အထိ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ (၄)ဦး၊ မင်းပြားမြို့နယ်အတွင်း င/တန်ပျင်းရွာမှ (၃)ဦး အပါအဝင် အရပ်သား (၃၀)‌ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်သည့် ရပ်၊ ရွာများအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်လေယာဉ်များဖြင့် ဗုံးများကြဲချခြင်း၊ စစ်ရေယာဉ်များမှ အမြောက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်ရွာများသို့ဝင်ရောက်၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများအပြင် အမျိုးသမီးများအား အုပ်စုဖွဲ့မုဒိန်းကျင့်ကာ လူမဆန်စွာ သတ်ဖြတ်ခြင်းနှင့် ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်းများကိုလည်း ကျူလွန်သွားသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency