ဖားကန့်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းခွဲခံရပြီးနောက် တိုက်ပွဲဖြစ်နေ

ဖားကန့်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းခွဲခံရပြီးနောက် တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းအောင်ရွာတွင် ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၅)ရက်နေ့ နေ့လယ်ပိုင်းက အင်အား(၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီယာဉ်(၃)စီး မိုင်းခွဲခံရပြီးနောက် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက KIA ပူးပေါင်းတပ်များသိမ်းပိုက်လိုက်သည့် ဝှေ့လုံတပ်စခန်းဘက်သို့ သွားသည့်လမ်း ဆိုင်းတောင်-မှော်ရှန်း-ဆိုင်းအောင်လမ်းကို စစ်ကောင်စီတပ်က ကား(၃)စီးဖြင့်လာရာ KIA ပူးပေါင်းတပ်များက မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ခုနကမှ မှော်ရှန်ကိုဖြတ်သွားတာ။ ကားတွေနဲ့ကော၊ အုပ်စုလိုက်။ ဆိုင်းအောင်မှာ စစ်တပ်မရှိဘူး။ စစ်ကြောင်းက ဖားကန့်ဖက်ကနေလာပြီး ဆိုင်းတောင်ရွာထဲ ဖြတ်သွားနေတာ။ ဘယ်သွားမလို့လည်း မသိရဘူး။ အဲဒီယာဉ်တန်း မိုင်းခွဲခံရပြီး ပစ်ခတ်မှုတွေဖြစ်နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

နေ့လယ်(၁)နာရီဝန်းကျင်တွင် အဆိုပါစစ်ကောင်စီတပ်ယာဉ်တန်းကို KIA ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ ပေါက်ကွဲသံ (၃)ချက် ကြားရပြီး ပစ်ခတ်သံများ ဆက်လက် ထွက်ပေါ်နေသည်ဟု ဆိုသည်။

“ဝှေခါဖက်တက်မလို့လားမသိဘူး။ ကား(၃)စီးတော့ မြင်လိုက်တယ်။ လူကတော့ (၁၀၀)နီးပါးပဲ။ ပခုံးပေါ်တွေ မှာ RPG တွေကောပဲ ထမ်းပြီးတော့ ဖြတ်သွားကြတာ။ အရင်တခါလို လူသွားကြိုတာလား၊ ဘာလဲမသိဘူး။ အဲဒီဘက်မှာ ဘာမှမရှိဘဲ(စကစတပ်စခန်း) တက်သွားကြတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သည် ဆိုင်းအောင်ရွာဘက်သို့ ဝင်ရောက်လာရာ ရပ်ကွက်(၃) တံတားထိပ်တွင် ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီးသံ၊ လက်နက်ငယ်သံများကြားခဲ့ရကာ နံနက်(၅)နာရီဝန်းကျင်တွင် ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

“ပြီးတော့ မနက်(၁၀)နာရီလောက်မှာ ရွာထဲကိုပြန်ဝင်တယ်။ ရွာထဲဖြတ်ရင်း ဆိုင်းတောင်ကျောက်ဝိုင်းထဲလည်း ဝင်ပြီးတော့ လူတွေဖမ်းသွားတယ်။ စျေးလမ်းထဲကနေ ကာဗာယူပြီး ပြန်ထွက်သွားကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများလည်း အိမ်တံခါးပိတ် တိဆိတ်နေကြရပြီး အခြေအနေအသေးစိတ်ကို KPDF ထံ Tachileik News Agency က ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

#TachileikNewsAgency