ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် AA ထိုးစစ်ကြောင့် စစ်ကောင်စီတပ်အင်အားဖြည့်တင်းကာ စစ်သင်္ဘောတစ်စီးကို အဆင်သင့်ပြင်ထား

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် AA ထိုးစစ်ကြောင့် စစ်ကောင်စီတပ်အင်အားဖြည့်တင်းကာ စစ်သင်္ဘောတစ်စီးကို အဆင်သင့်ပြင်ထား

အာရက္ခတပ်တော်(AA)၏ ရခိုင်ပြည်နယ်တောင်ပိုင်း ထိုးစစ်များကြောင့် ဂွမြို့နယ်တွင် စစ်ကောင်စီတပ်သည် နေ့စဉ်စစ်အင်အားဖြည့်တင်းနေပြီး စစ်သင်္ဘောတစ်စီးကိုလည်း အဆင်သင့်ပြင်ထားကြောင်း ဒေသခံများထံမှ သိရ သည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ သံတွဲမြို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီတပ်သည် ပြည်မဘက်သို့ ဝင်ရောက်နိုင်သည့် ဂွမြို့နယ်အဝင်၊ အထွက်များကို ဂိတ်များပြုလုပ်ထားသည့်အပြင် တပ်အင်အားကိုလည်း ဖြည့်တင်းထားသည်ဟု ဆိုသည်။

“ပြည်သူတွေတော့ပြေးနေကြပြီ။ စစ်ကောင်စီတပ်ကတော့ နေ့တိုင်းအင်းအားတိုးနေတာပဲ။ စစ်ကောင်စီတပ်တွေ ရွာတစ်ရွာကို အင်အားနည်းနည်းနဲ့သွားလိုက်၊ နောက်ရွာစခန်းသွားချလိုက်၊ နေရာပြောင်းလိုက် အဲဒီလိုလုပ်နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဂွမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ တပ်ရင်းများဖြစ်သည့် ခမရ(၅၆၂)နှင့် ခမရ(၅၆၃)တပ်တို့ရှိနေပြီး လက်ရှိတွင် တပ်တွင်း၌ ကတုတ်ကျင်းများ အခိုင်အမာတူးကာ စစ်အင်အားများကို ဖြည့်တင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းကတပ်တွေကို ၅၆၂၊ ၅၆၃ မှာ အင်အားဖြည့်ထားတယ်။ ဂွမှာရှိတဲ့ အရင်နယ်မြေခံတပ်တွေက ရခိုင်တပြည်နယ်လုံး တိုက်ပွဲကိုလိုက်ရတော့ မရှိတော့ဘူး သေကြပြီ။ စစ်သင်္ဘောက ဂွမြို့နဲ့ ရဟိုင် ကူးတို့ရွာကြား ပင်လယ်ပြင်မှာ အဆင်သင့်ပြင်ထားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

နယ်မြေခံတပ်များ အင်အားနည်းနေသဖြင့် ပြည်သူ့စစ်အဖွဲ့ဝင်(၈၀)ဦးခန့်ကိုလည်း ဧပြီလကတည်းကပင်  အဆိုပါတပ်ရင်းများထံခေါ်ထားပြီး ဂွမြို့သို့ ဧရာဝတီတိုင်းဘက်မှဝင်နိုင်သည့် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်၌ ဂိတ်တစ်ခု နှင့် ဂွ-သံတွဲလမ်းပေါ်တွင် ဂိတ်တစ်ခုတို့ ဖွင့်လှစ်ထားသည်ဟုလည်း သိရသည်။

အာရက္ခတပ်တော်(AA)သည် သံတွဲမြို့ကို တိုက်ခိုက်ထိန်းချုပ်ထားပြီးဖြစ်ရာ သံတွဲမြို့ပေါ်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်ကောင်စီတပ်သားနှင့် ရဲများသည် ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်များသို့ ရောက်ရှိကာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ဂွမြို့နယ်သည် သံတွဲမြို့နှင့် (၈၅)မိုင်ဝန်းကျင်ဝေးပြီး ဧရာဝတီတိုင်းသည် ဂွမြို့နယ်နှင့် မိုင်(၁၂၀)ကျော်ဝေးသည်ဟု သိရသည်။

#TachileikNewsAgency