လားရှိုးတွင် လက်နက်ကြီးများ ရပ်ကွက်များအတွင်းကျနေဆဲ

လားရှိုးတွင် လက်နက်ကြီးများ ရပ်ကွက်များအတွင်းကျနေဆဲ
ဇူလိုင် 15, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် MNDAA က တဖက်သတ်အပစ်ရပ်ထားသော်လည်း ပစ်ခတ်သံများ တိတ်သွားခြင်းမရှိဘဲ ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ ည(၉)နာရီကျော်အထိ ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများထံမှ သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များသည် ဇူလိုင်လ (၁၈)ရက်နေ့အထိ (၄)ရက်ကြာ တဖက်သတ်အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း လားရှိုးတွင် တိုက်ပွဲဆက်ဖြစ်နေကာ လက်နက်ကြီးကျည်များ ရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲနေသည်ဟု ဆိုသည်။

"အခုထိ ပစ်နေတာပဲ။ မနက်ဖြန် ဘယ်လိုထွက်ရမလဲတောင်မသိဘူး။ ဘယ်ကပစ်မှန်းမသိ ရပ်ကွက်(၁၂)ဘက် ရှော့တိုက်ဒုံးကျတယ်ပြောတယ်။ အသေးစိတ်တော့ မသိရဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်နက်ကြီးများ လွယ်ပြေရပ်ကွက်နှင့် ကုန်းညောင်ရပ်ကွက်ကို ကျရောက်ပြီး လေယာဉ်ဖြင့်လည်း ဗုံးကြဲသည်ဟု သိရပြီး အခြေအနေများကို ထပ်မံမေးမြန်းရန် ဖုန်းလိုင်းအခက်အခဲကြောင့် မေးမြန်းနိုင်ခြင်းမရှိ‌ပါ။

#TachileikNewsAgency