နွားထိုးကြီးမြို့နယ်အတွင်းကို သုံးရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်တစ်ပါးအပါ အရပ်သား ၇ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

နွားထိုးကြီးမြို့နယ်အတွင်းကို သုံးရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်တစ်ပါးအပါ အရပ်သား ၇ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်း နွားထိုးကြီးမြို့ကို သုံးရက်ဆက်တိုက် စစ်ကောင်စီတပ်သည် လေကြောင်းမှဗုံးကြဲချခြင်း လက်နက်ကြီးနှင့်ပစ်တိုက်ခိုက်ခြင်းတို့ကြောင့် ကိုရင်တစ်ပါးအပါအဝင် (၇)ဦး သေဆုံးပြီး အရပ်သား(၁၀)ဦး ဒဏ်ရာရသည်ဟု နွားထိုးကြီး PDF ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ ကွမ်းအုံရွာ၊ လုံးတောရွာဘုန်းကြီးကျောင်း၊ တောရိုးရွာနှင့် လက်ဝဲရွာတို့ကို ပစ်ခတ်တိုက်တိုက်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၀နာရီဝန်းကျင်မှာ ကွမ်းအုံရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ Y12လေယာဥ်နဲ့  ဗုံးအလုံး (၂၀) ကြဲချတယ်။ ဒေါ်ခင်ပိုနဲ့ သူ့ရဲမြေးသေဆုံးတယ်။ ဆိတ်တွေ၊ တစ်ခြားဒေသခံတွေရဲ့  နွားတွေလည်း သေဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်။”ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒီဇင်ဘာလ(၄)ရက်နေ့တွင် စစ်ကောင်စီတပ်သည် လုံးတော၊ သမန်းတောရွာကြားရှိ လုံးတောရွာဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် သုံးကြိမ် ကြဲချရာ ကိုရင်တစ်ပါး သေဆုံးပြီး (၉)ဦး ဒဏ်ရာသည်ဟု ဆိုသည်။

ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းတွင် အောင်သာ၊ အောင်ပန်းကုန်းရွာကြားရှိ တောရိုးကို ဗုံးအလုံး(၂၀)ကျော် ကြဲချရာ အိပ်ပျော်နေသော ဒေသခံများ၏ နေအိမ်ပေါ်ကျသည်ဖြင့် မိသားစုဝင် (၃)ဦး ပွဲချင်းပြီးသေဆုံးကာ နွား(၅)ကောင်၊ ဝက်တစ်ကောင်လည်း သေဆုံးသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကို ဒေသခံတစ်ဦးကလည်း Tachileik News Agency ကိုအတည်ပြုပြီး ဦးအောင်ကျော်မိုး(၄၈)နှစ်၊ ဒေါ်ခင်အေးကျင်(၄၆)နှစ်နှင့် မောင်အောင်ပြည့်သျှံ(၁၃)နှစ်တို့ သေဆုံးသည်ဟု ဆိုသည်။

“၁၀ ကျော်သက်အရွယ် သမီးဖြစ်သူသာ ဘေးအိမ်သွားအိပ်နေလို့ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ မြင်းခြံ ခမရ(၁၅)က ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်လို့ လက်ဝဲကျေးရွာက အဘိုးတစ်ဦးရဲ့ နေအိမ်ကိုကျပြီး အသက်(၇၀)ခန့် အဖိုးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်ဗျ။”ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်လာပြီး အာဏာသိမ်းပြီးနောက် လေကြောင်းအများဆုံး အသုံးပြုသည့်နှစ်ဖြစ်လာသည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ် (၁၁)လတာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း (၃၅၄၀)ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး အရပ်သား(၄၀၀၀)ကျော် ထိခိုက်သေဆုံးရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဖော်ပြသည်။

(စိတ်မချမ်းမြေ့ဖွယ်ပုံရိပ်များ ပါဝင်သဖြင့် အခြားသတင်းဓာတ်ပုံများကို Telegram Channel https://t.me/TachileikNewsAgency/58343?single တွင် ကြည့်ရှုနိုင်ပါသည်)

#TachileikNewsAgency

Photo: CJ