ပဲခူးတိုင်း ဖြူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထောက်ပံ့ကူညီနေစဉ် စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်းအမှတ် ( ၃၅၀၂) စစ်ကြောင်း၊ စစ်ကြောင်းတပ်ခွဲ-တပ်ခွဲ(၄)ထံမှ သိရသည်။
၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့ နေ့လယ်ပိုင်းက ဖြူးမြို့နယ် လေးအိမ်စုကျေးရွာတွင် တော်လှန် ရေးအင်အားစုများက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီပေးနေစဉ် စစ်ကောင်စီတပ်က ကျေးရွာလှေဆိပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနေ့က စကစ က ဒရုန်းနဲ့လာကြဲတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် လာလှူတဲ့နေရာကို အထိအခိုက်တော့ မရှိဘူး။ ညနေပိုင်း လက်နက်ကြီးနဲ့ပစ်တော့ အရပ်သားတစ်ဦးဒဏ်ရာရတယ်။ အခုချိန်အထိ ကျတော်တို့ပူးပေါင်း အဖွဲ့အစည်းတွေအနေနဲ့ အခြေအနေကြည့်ပြီး လှုပ်ရှားနေကြတယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်းအမှတ်(၃၅၀၂) စစ်ကြောင်း၊ စစ်ကြောင်းတပ်ခွဲ-တပ်ခွဲ(၄)မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗိုလ်အောက်ထောင်က Tachileik News Agency ကိုပြောသည်။
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ညနေ(၆)နာရီဝန်းကျင်တွင်လည်း PDF တပ်များက ကူညီပေးနေစဉ် စစ်ကောင်စီတပ်သည် ဖြူးမြို့နယ် အောက်ခုံရွာထိပ်မှနေ၍ လေးအိမ်စုကျေးရွာကို လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများကို တပ်ရင်းအမှတ်(၃၅၀၂) စစ်ကြောင်း၊ ဧရာဝတီအမှတ်(၃)တပ်ရင်း၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၃)တို့က သွားရောက်ထောက်ပံ့ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency