စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ လူဦးရေ(၁.၆)သန်းကျော်သည် နေရပ်စွန့်ခွာထွက်ပြေးရကာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း United Nations OCHA Myanmarက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၃ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၁.၉)သန်းရှိရာက ယင်းအထဲမှ (၁.၆)သန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် နိုင်ငံအနောက်မြောက်ပိုင်းတို့တွင် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ စဉ်ဆက်မပြတ်ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း မြင့်တက်နေသည်ဟုဆိုသည်။
ကချင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်အင်အားချထားခြင်းများ ရွှေကူမြို့နယ်အတွင်း အိမ်ထောင်စု ၂၀၀ (လူဦးရေ ၁,၁၀၀ ကျော်) နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကာ ရွှေကူတစ်မြို့နယ်တည်းတွင်ပင် ၂၀၂၃ ခုနှစ် မတ်လဆန်းပိုင်းမှ ယခုအထိ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေ(၂၀,၀၀၀)နီးပါးရှိလာကြောင်း သိရသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင်လလယ်မှစတင်ပြီး လူပေါင်း(၁၀,၀၀၀)နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာ စားနပ်ရိက္ခာ အထောက်အပံ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေသည်ဟု သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်(၄)ခုတွင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ(၇,၁၅၀)ကျော်အတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။
#TachileikNewsAgency
Photo : ပြီးခဲ့သည့်ရက်ပိုင်းက ခင်ဦး၊ ရေဦးမြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ