ရန်ကုန် စော်ဘွားကြီးကုန်းသို့ ပစ္စည်းသွားဝယ်သည့် လူလတ်ပိုင်းသုံးဦး မင်္ဂလာဒုံလေတပ်သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ငွေညှစ်ခံရ

ရန်ကုန် စော်ဘွားကြီးကုန်းသို့ ပစ္စည်းသွားဝယ်သည့် လူလတ်ပိုင်းသုံးဦး မင်္ဂလာဒုံလေတပ်သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ငွေညှစ်ခံရ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းသို့ ပစ္စည်းသွားဝယ်သည့် လူလတ်ပိုင်း(၃)ဦးကို လူတစ်စုက လက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုးကြိတ်ငွေညှစ်သည်ဟု ၎င်းတို့နှင့်နီးစပ်သူများထံမှ သိရသည်။

စော်ဘွားကြီးကုန်းသို့ ယမန်နေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က ပစ္စည်းသွားဝယ်သည့် အသက်(၃၀)ကျော် လူလတ်ပိုင်း(၃)ဦးကို အရပ်ဝတ်နှင့်လူတစ်စုက လက်ထိပ်ခတ်ကာ  မင်္ဂလာဒုံလေတပ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က စော်ဘွားကြီးကုန်းကို ပစ္စည်းဝယ်ဖို့သွားကြတာ။ စော်ဘွားကြီးကုန်း မှတ်တိုင်ရောက်လို့ ဆင်းလိုက်တာ သူငယ်ချင်း ၃ ယောက်လုံးကို တက္ကစီတစ်စီးကနေပြီး ဓားနဲ့ထောက်၊ လက်ထိပ်ခပ်ပြီးခေါ်သွားတာ။ ပြီးတော့ မင်္ဂလာဒုံလေတပ်စခန်းထဲကို မောင်းဝင်သွားတယ်။ အဲဒါပဲ မှတ်မိလိုက်ပြီး ကျန်တာမသိတော့ဘူးပြောတယ်။” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဖမ်းဆီးခံရသူများအား တစ်ယောက်တစ်နေရာစီခွဲထားပြီး တစ်ဦးလျှင် ငွေကျပ်(၇)သိန်းတောင်းယူရာ ငွေကြေးမတတ်နိုင်ကြောင်း ပြောဆိုသဖြင့် ငွေကျပ်(၅)သိန်းပေးပြီး ပြန်လွတ်မြောက်လာကြသည်ဟု ဆိုသည်။

“ငွေ (၇) သိန်းတောင်းတော့ မတတ်နိုင်လို့ဆိုပြီးပြောတော့ ငွေ (၅) သိန်းတောင်းတယ်။ အိမ်ကိုဖုန်းဆက်ပြီး ငွေ (၅) သိန်းလွှဲပေးလိုက်ရတယ်။ သူတို့ကို မျက်နှာတွေကို ထိုးတယ်၊ ရိုက်နှက်တယ်။ ပြန်လွတ်လာတော့ ဒဏ်ရာဒဏ်ချက်တွေချည်းပဲ။ လက်ထိပ်ခပ်ထားပြီးတော့ကို ထိုးတာ။ မင်းတို့ ဒီ (၅) သိန်းမပေးနိုင်လည်း ရတယ်။ မပေးနိုင်ရင် ခေါ် ထည့်လိုက်မှာလို့ပြောတယ်။ ဘယ်ကိုခေါ်ထည့်မယ်ဆိုတာတော့ မပြောဘူး။ ခေါ်ထည့်လိုက်ရင် (၅) သိန်းမကရ တယ်ဆိုပြီးပြောတယ်။”ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ(၃)ဦးအနက် တစ်ဦးထံမှ ပစ္စည်းဝယ်ရန်ပါလာသော လွယ်အိတ်နှင့် ဖုန်းများကို ဖမ်းဆီးထားသည့်နေရာ အဝင်ဂိတ်ရှိ လူနှစ်ဦးက ယူထားလိုက်သည်ဟု ဆိုသည်။ 

ထို့နောက် ည(၆)နာရီကျော်တွင် ၎င်းတို့ပြန်လွတ်လာရာ အဆိုပါပစ္စည်းများအား ပြန်ရွေးရန် တစ်ဦးလျှင်ငွေကျပ် တစ်သိန်းပေးရမည်ဟု အရပ်ဝတ်ဖြင့်ဂိတ်စောင့်နှစ်ဦးက ထပ်မံတောင်းသည်ဟု ဆိုသည်။

“တစ်ယောက် တစ်သိန်းပေးမှ အိတ်တွေ၊ ဖုန်းတွေ ပြန်ပေးမယ်လို့ ဂိတ်စောင့်ကပြောတယ်။ တစ်ယောက် ၅ သောင်းယူပါပြောပြီး အိမ်ကိုငွေလွှဲခိုင်းတော့မှ လွှတ်ပေးတယ်။ လွှတ်ပေးလိုက်တော့ အိတ်ကိုစစ်ကြည့်တာ အိတ်ထဲမှာ အိမ်ကလာကတည်းက ပစ္စည်းဝယ် ဖို့ပါလာတဲ့ ငွေ ၁၇၀၀၀၀ ထဲမှာလည်း ၁၁၀၀၀၀ ပဲကျန်တော့ တယ်။ ၆ သောင်းယူထားလိုက်ကြတယ်။”ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းကာ စစ်မှုထမ်းစုဆောင်းသည့်အချိန်မှစ၍ လူပျောက်မှုများ၊ ဖမ်းဆီးငွေညှစ်ခံရမှုများကို မကြာခဏ ဖြစ်ပွားလာသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် တပ်အင်အားပြုန်းတီးမှုအား ဖြည့်တင်းရန်  အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် ဥပဒေထုတ်ပြီးနောက် အပတ်စဉ်တစ်ခုလျှင် လူဦးရေ(၄၅၀၀)နှုန်းဖြင့် လူသစ်စုဆောင်းကာ ရှေ့တန်းသို့ ပို့နေသည့်အတွက် လူထုကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြခြင်းဖြစ်သည်။

#TachileikNewsAgency