ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ Mi-35 ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ Mi-35 ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ကြောင်း အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးမှ သတင်းထုတ်ပြန်သည်။

ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်းအရှေ့ဖက်ရှိ လယ်မရွာ ၊ ကျွဲခြံရွာနှင့် သုံးမိုင်ပေါက်ရွာတို့ကို စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်ခန့်က Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို ဆက်လက်စုံစမ်းနေပြီး ၊ အရပ်သားများပါ ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်နက်ကြီးကျရာနေရာများနှင့် စစ်ရေးတင်းမာနေသည့်ရွာများမှ ခေတ္တရှောင်ပေးကြရန် မင်းဘူးခရိုင် ကွပ်ကဲရေးရုံးမှ အသိပေးထားသည်။

ပွင့်ဖြူမြို့နယ်အတွင်း စစ်ရေးအခြေအနေများ တင်းမာနေသည့်အတွက် ပုသိမ်-မုံရွာလမ်းပိုင်း ဝန်လိုရွာ ၊ ခိုနန်းရွာ ၊ သုံးမိုင်ပေါက် ၊ ငါးမိုင်ပေါက် လမ်းပိုင်းများကို အသုံးမပြုရန်နှင့် အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြသနာများကိုလည်း ဖြေရှင်းပေးမည်မဟုတ်ကြောင်း မင်းဘူးခရိုင် အမှတ် - ( ၇ ) တပ်ရင်းမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video: မင်းဘူးခရိုင် ကွပ်ကဲရေးရုံး