မုံရွာမြို့မှ မန္တလေးဘက်သို့ စစ်ကောင်စီလုံခြုံရေးယူ၍ ကြေးနီသယ်ဆောင်လာသည့်တွဲကားများအား မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့မှ ကြေးနီများသည်ဆောင်လာပြီး မန္တလေးဘက်သို့ထွက်ခွာလာသည့် (Transporter) တွဲကား ငါးစီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြောင်း Area71 PDF အဖွဲ့မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

 

မုံရွာမြို့မှ စစ်ကောင်စီလုံခြုံရေးယူ၍ ကြေးနီများသယ်ဆောင်လာသည့် (၄) စီးမြောက် တွဲကားကို ယနေ့ ဇွန်လ (၁၄)ရက်နေ့ နံနက် (၈) နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရန်ကြိုးစားစဉ် ခရီးသည်တင်ကားနှင့် ယှဉ်လျှက်ဖြစ်နေသည့်အတွက် ခေတ္တစောင့်ဆိုင်းနေချိန်၌ ကားလမ်းဘေးမှ စစ်ကောင်စီကင်းပုန်းများမှ တော်လှန်ရေးတပ်ဖွဲ့အား တွေ့မြင်ခဲ့ပြီး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်နေချိန်တွင် ပထမမိုင်းပွိုင့်အား ဖောက်ခွဲခဲ့ပြီး ဒုတိယမိုင်းပွိုင့်တွင် စောင့်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ (၅) စီးမြောက်တွဲကားနှင့်အတူ လမ်းပေါ်တက်ပစ်ခတ်နေသည့် စစ်ကောင်စီကင်းပုန်းများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒုတိယမြောက်မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများရပ်တန့်သွားခဲ့ပြီး မျက်မြင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး နေရာတွင်သေဆုံးခဲ့ကြောင်း Area71 PDF အဖွဲ့မှ ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းများကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများပြုလုပ်လျှက်ရှိပြီး ဇွန်လအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်းတွင် အဖွဲ့အစုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၅) ကြိမ် တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

Video: Area71 PDF