စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် ခရေဖြူစစ်ဆေးရေးဂိတ်မှ ထွက်လာပြီး လမ်းပေါ်တက် ပိုက်ဆံတောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အနီးကပ် ပစ်ခတ်တိုက်ခိုက်ကြောင်း မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း- People's Defence Force - South Monywa အဖွဲ့ထံမှ သိရသည်။
ခရေဖြူစစ်ဆေးရေးဂိတ်မှ ထွက်လာပြီး ချောင်းဦးနှင့် ငါးယှဉ်ကြားရှိ သံလွင်မြန်မာဆီဆိုင်ရှေ့တွင် လမ်းသွားလမ်းလာကားများကို တားဆီးစစ်ဆေးတောင်းရမ်းမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နိုဝင်ဘာလ (၁)ရက်နေ့ မနက် (၈) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အနီးကပ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး နေရာတွင် သေဆုံးပြီး (၃)ဦး စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၂)ဦးသည် ဆေးရုံအရောက်တွင် ထပ်မံသေဆုံးသွားသည်ဟု မြေပြင်သတင်းများအရ ပြန်လည်သိရှိရကြောင်း People's Defence Force - South Monywa အဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုအတွင်း လမ်းကြောင်းအခြေအနေ ရှုပ်ထွေးမှုများကြောင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲ ခဏတာ ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် မုံရွာမြို့အတွင်းမှ သံပြားကာကား ( ၂ ) စီးရောက်ရှိလာကာ ငါးယှဉ်ရွာထိပ်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ချောင်းဦးမြို့နယ် သန်းပင်ကန်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများ၏ နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင်အမှတ်( ၁၁ ) တပ်ရင်း People's Defence Force - South Monywa ၊ Zayar Shwe Myay People's Defence Force ၊ နွေဦးလူငယ်People's Defence Force နှင့် တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း- People's Defence Force - South Monywa