ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ဝက်မကျရွာရှိ စစ်ဘေးရှောင် မူဆလင်များအား အာရက္ခတပ်တော်(AA)က စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးကြောင်း AAက ယနေ့ ၂၀၂၄ခုနှစ် မေလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီတပ်၏ ပတ်ခတ်တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မူဆလင်များ AA ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်ခိုလှုံလာကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်က မေလ (၈)ရက်နေ့တွင် လက်နက်ကြီးများ အပါအဝင် ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ကကျဘတ်၊ ကကျဘတ်ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံးနားနှင့် လက်သာကျေးရွာတို့မှ မူဆလင်ပြည်သူ (၇၀၀၀)ခန့်သည် ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်ခိုလှုံလာခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်ခိုလှုံသည့် ဒုက္ခသည်များကို ရက္ခိုင့်တပ်တော်မှ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် အကာအကွယ်ပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာများမှ တချို့သော မူဆလင်ပြည်သူများသည် စစ်ကောင်စီထိန်းချုပ်ထားသည့် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ နခခ(၈)တပ်ရင်းသို့ ဝင်ရောက်သွားခဲ့ကြကြောင်း AA၏ HDCO ရုံးမှ သတင်းထုတ်ပြန်ထားသည်။
#TachileikNewsAgency
Video: AA Info Desk