မောင်တော နခခ ၂ ကို စစ်ကောင်စီဗုံးကြဲရာ စစ်သုံ့ပန်းများအပါအဝင် ၅၀ ဦးသေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ AA သိမ်းပိုက်ထားသော လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲချရာ စစ်သုံ့ပန်းများနှင့် စစ်ကောင်စီနှင့်စပ်ဆက်သူ (၅၀)ဦး သေဆုံးသွားကြောင်း AA က သတင်းထုတ်ပြန်သည်။

လေးမိုင်(နခခ-၂)ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ ည(၉)နာရီခွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဗုံးကြဲခြင်းကြောင့် နခခ-၂ အတွင်း ယာယီထိန်းသိမ်းထားသည့် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊ARSA၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊ ULA/AA အဖွဲ့အစည်းနှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ALP နှင့် ဆက်စပ်နေသောသူများ

၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၀)ကျော် သေဆုံးသည်ဟု သိရသည်။

ထို့အပြင် ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူများစွာတို့လည်းရှိသည်ဟု ဆိုသည်။

ထို့အပြင် ယင်းနေ့ညပိုင်းလည်း မောင်တောမြို့၊ (၃)မိုင်နှင့် ဝေသာလီရွာအတွင်းရှိ UN အဆောက်အအုံတို့ကိုလည်း စစ်ကောင်စီက လေကြောင်းမှ ဂျက်လေယာဉ် (၁)စီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သော စခန်းသည် ၎င်းတို့၏ စခန်းဟောင်းဖြစ်ပြီး အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိထားသော စခန်းတစ်ခုဖြစ်သည်။

စက်တင်ဘာလ (၈)ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီမှ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာတစ်နေရာအား ဂျက်တိုက်လေယာဉ်ဖြင့် (၂)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါဗုံးကြဲမှုကြောင့် စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် AA သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ AA ၏ ကျန်းမာရေးဝန်ထမ်းတချို့နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတချို့အပါအဝင် (၁၇)ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း (၁၀) ဦးအထိရှိခဲ့သည်။

#TachileikNewsAgency

Video : AA Info Desk