ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး AA ထံအလင်းဝင်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်စဉ် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂၃)ဦးသည် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ထံတွင် အလုပ်မလုပ်လိုတော့သဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက် နေ့က အလင်းဝင်ရောက်လာကြောင်း ရက္ခိုင့်တပ်တော်ထံမှ သိရသည်။ 

အလင်းဝင်လာသည့် ရဲတပ်ဖွဲ့ဝင် (၂၃)ဦးသည် ရဲစခန်းအား ရက္ခိုင့်တပ်တော်မှတိုက်ခိုက်စဉ် အင်အားမလုံလောက်သဖြင့် တင်ပြခဲ့သော်လည်း စစ်ကူမပေးခြင်း၊ ရိက္ခာမလုံလောက်ခြင်း၊ ပုဏ္ဏကျွန်းမြို့နယ်တွင် (၃)နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးသော်လည်း နေရာပြောင်းရွေ့မပေးခြင်းတို့ကြောင့် ရက္ခိုင့်တပ်တော်ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိသည်။

အလင်းဝင်လာချိန်တွင် ၎င်းတို့အား ရက္ခိုင့်တပ်တော်မှ ကျန်းမာရေးစောင့်ရှောက်မှု၊ ရိက္ခာထောက်ပံ့ခြင်းများရှိသည့်အပြင် ကောင်းမွန်စွာထားရှိပြီး လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြနေကြသည့် ရက္ခိုင့်တပ်တော်သည် အလင်းဝင်သူများကို ရိုက်နှက်သတ်ဖြတ်မည်ဆိုသည့်သတင်းမှာ သတင်းမှားဖြစ်ကြောင်း အလင်းဝင်လာသည့် ရဲအုပ်ကျော်စိုးအောင်က ပြောသည်။

#TachileikNewsAgency

Video : AA Info Desk