စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုစည်းနေထိုင်သည့် စခန်းငယ်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် စခန်းများမှ ဆုတ်ခွာသွားကြောင်း ဗိုလ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ရွေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာရှိ ကူးတို့ဆိပ် ၊ မြင်းစီးနှင့် ဆင်အင်းစခန်းတို့တွင် စုစည်းနေထိုင်ကြသည့် စစ်တပ်၊ ရဲ နှင့် ပျူစောထီးများအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီး (၁၈)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် စခန်းများမှ အသီးသီး ဆုတ်ခွာသွားကြကြောင်း သိရသည်။
“ကူးတို့ဆိပ်၊ မြင်းစီးနဲ့ ဆင်အင်းတို့က စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်ပိုင်း လက်နက်တွေအကုန်သယ်ပြီး ဇီးဖြူကုန်းပျူရွာဘက်ကို ဆုတ်ခွာသွားတယ်။ ကျနော်တို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ပြီးပါပြီ”ဟု ဗိုလ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ Tachileik News Agency ကို ပြောသည်။
ဇူလိုင်လ (၁၆)ရက်နေ့ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကို မဟူရာရွှေဘိုသား(LPDF)၊ Anyar Defence Force-Drone အဖွဲ့၊ ကြောင်ရိုင်းပြည်သူ့ကွယ်ရေး-ရွှေဘိုအဖွဲ့၊ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေး-ရွှေဘိုအဖွဲ့၊ Flying Dragon Forces အဖွဲ့၊ စွန်ရဲ-ရွှေဘို(LPDF) ၊ ဇေယျသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ShweBo Federal Army နှင့် ဗိုလ်မဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: ဗိုလ်မဟာ Shwebo-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့