စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တရုတ်နိုင်ငံ ကူးမင်းမြို့၌ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း TNLA ဘက်က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အသိပေးသည်။
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏ စီစဥ်ပေးမှုဖြင့် ယနေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေပြီဟု ဆိုသည်။
PSLF ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် (၉)ဦး တက်ရောက်မည်ဖြစ်ပြီး စစ်ကောင်စီဘက်က ကစထ(၁)မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး က ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်က ကစထ (၁)မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် MNDAA ကိုးကန့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သူဖြစ်ပြီး လာမည့် မတ်လ(၂၂)ရက်နေ့တွင်လည်း MNDAA နှင့် ထပ်မံတွေ့ဆုံရန် ရှိနေသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် စတင်တွေ့ဆုံကြမည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့မှ နယ်မြေ အများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မဟာမိတ်အဖွဲဝင်ဖြစ်သည့် PSLF/TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စုစုပေါင်း မြိုနယ်(၁၂)ကို သိမ်းယူကာ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၆)ရက်နေ့ကစတင်ကာ နှစ်ရက်တာ MNDAA နှင့် စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်ရှိတွင် ညီနောင်မဟာမိတ်(၃)ဖွဲ့အနက် အရက္ခတပ်တော်(AA)တစ်ဖွဲ့တည်းသာ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်။
#TachileikNewsAgency