လေကြောင်းတိုက်ခိုက်မှုအပြီး ဖားကန့်မြို့တွင်းရှိ စာသင်ကျောင်းများပိတ်ထားလိုက်ရ

လေကြောင်းတိုက်ခိုက်မှုအပြီး ဖားကန့်မြို့တွင်းရှိ စာသင်ကျောင်းများပိတ်ထားလိုက်ရ

စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးရပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပိတ်ထားလိုက်ရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မဇွပ်ယန်ကျေးရွာ၊ မဇွပ်ယန်ထောင်အနီးနှင့် ဆန်ခါကျေးရွာတို့ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား (၇)ဦး သေဆုံးပြီး (၁၀)ဦးဝန်းကျင် ဒဏ်ရာရရှိသဖြင့် စာသင်ကျောင်းများကို ပိတ်ထားလိုက်ရခြင်းဖြစ်သည်။

“ဖားကန့်ရဲစခန်းရှေ့က ကျောင်းတော့ မပိတ်ဘူး။ ဆိုင်းတောင်နဲ့ လုံးခင်းဖက်တွေက စာသင်ကျောင်းတွေအကုန်လုံးကို လေယာဥ်ထပ်လာမှာစိုးလို့လေ ပိတ်ထားလိုက်ပြီ။ တခြားတော့ပုံမှန်ပဲ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဖားကန့်မြို့နယ်အတွင်း စာသင်ကျောင်း (၁၈၀)နီးပါးရှိကာ ပြီးခဲ့သည့်နှစ်တွင် NUG က စာသင်ကျောင်းများ ဖွင့်လှစ်ထားနိုင်သဖြင့် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ(၆၀၀၀)ဝန်းကျင်ရှိခဲ့သည်ဟု သိရသည်။ 

“ကျောင်းတွေပိတ်ထားတာက လေကြောင်းအန္တရာယ်ကြောင့်ပါ။ ဘယ်နေ့မှာ ပြန်ဖွင့်မယ်ဆိုတော့ မသိရသေးဘူး။ ဖားကန့်မှာက ရဲစခန်းကော၊ ဗျူဟာကုန်းကောကျန်နေသေးတော့ တိုက်ပွဲဖြစ်ရင် ကျောင်းတွေပြန်ပိတ်ရဦးမှာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA၊ KPDF ပူးပေါင်းတပ်များက နန့်ယား၊ တာမခံ၊ ဝှေခါ၊ ဆယ်ဇင်း၊ နန့်တိန်း စသည့်ကျေးရွာများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသည်။ 

ဇန်နဝါရီလ(၁၁)ရက်နေ့ကလည်း ဟူးကောင်းဒေသ တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်တစ်ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သား (၁၀)ဦးဝန်းကျင် သေဆုံးခဲ့ရသည်။

“လေယာဉ်က ထပ်မလာဘူး။ ကျောင်းတွေတော့ ပိတ်ထားကြတယ်။ အခုထိတော့ ငြိမ်နေတယ်။ ဆိုင်းတောင်ဘက်တော့ စျေးတွေလည်းဖွင့်တယ်။ ကျောင်းပဲပိတ်ထားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း၌ ဖားကန့်မြို့၊ တာမခံမြို့သစ်နှင့် ကာမိုင်းမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ဖားကန့်မြို့ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် မြေပြင်တွင် စစ်ရေးရှုံးနှိမ့်နေသဖြင့် နိုင်ငံတဝှမ်း နေ့စဉ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးသူမြင့်တက်နေသည်။

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့၏ ဇန်နဝါရီလ(၁၀)ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်တပ်အာအာဏာသိမ်းပြီးနောက် (၄)နှစ်တာကာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများမှာ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာပြီး စစ်ရှောင်ဦးရေမှာလည်း (၂.၇)သန်းကျော်အထိ တိုးလာသည်ဟု ဆိုသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို ပြည်သူများအတွက် အခြေခံဝန်ဆောင်မှုပေးနေသည့် အဆောက်အဦးများဖြစ်သော ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ ပြည်သူများစုဝေးသည့် ဈေးများ၊ ဘာသာရေးပွဲလမ်းသဘင်များကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

#TNA_MAT

Photo: ဖားကန့်မြို့ရှိ အထက်တန်းကျောင်း (ပုံဟောင်း)