စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ပြည်ပရောက် အလုပ်သမားများအနေဖြင့် စစ်မှုထမ်းရန်ဆင့်ခေါ်ခံရခြင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက မြန်မာနိုင်ငံကို ပြန်လာ၍ စစ်မှုထမ်းရမည်ဆိုသည့်အချက်ကို ECစာချုပ်အတွင်း ပြင်ဆင်ထည့်သွင်းလာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။
အလုပ်ရှင်၊ အလုပ်သမားနှင့် အေဂျင်စီ သုံးပွင့်ဆိုင်ချုပ်ဆိုရသော Employment Contract (EC) စာချုပ် သက်တမ်းပြည့်ပါက စစ်ကောင်စီထံတွင် စစ်မှုထမ်းရန် ပြန်လာရမည်ဖြစ်ကာ အဆိုပါကိစ္စများအတွက် သက်ဆိုင်ရာအေဂျင်စီများက တာဝန်ယူပေးရမည်ဟု ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင်းတွင် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများထံ ပေးပို့အကြောင်းလာခြင်းဖြစ်ကြောင်း သိရသည်။
“EC စာချုပ်မှာ အလုပ်သမားဝန်ကြီးဌာနက အချက်အလက် ဖြည့်စွက်ပြီး ပြန်ပြင်ထားတာ။ အေဂျင်စီတွေဘက်က ပြန်ခေါ်တာကို တာဝန်ယူပေးရမယ်လို့ပါတယ်။ စာချုပ်အသစ်ကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရုံးတွေကို လိုက်ပို့တာ။”ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ပြင်ဆင်လိုက်သည့် EC စာချုပ်သက်တမ်းမှာ (၃)နှစ်ဖြစ်ပြီး လက်မှတ်ရေးထိုးသည့် ရက်မှစတင်မည်ဖြစ်ခြင်းကြောင့် အေဂျင်စီများအကြား ဝေဖန်မှုများ၊ အကျပ်အတည်းများ နှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
“နိုင်ငံခြားရောက်သွားတဲ့ အလုပ်သမားတွေကို ဘယ်လိုပြန်ဆက်သွယ်နိုင်မှာလဲဗျာ။ ဒီလိုပုံစံမျိုးနဲ့တော့ ရှေ့ဆက်ဘယ်လို ရပ်တည်ရမှာလဲ။”ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
စစ်ကောင်စီသည် ပြည်ပရောက် အလုပ်သမားများ ဝင်ငွေခွန် (၂)ရာခိုင်နှုန်း မပေးပါက ပြည်ပသို့ အလုပ်နှင့်ထွက်ခွာမှုကာလကို ကန့်သတ်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) မထုတ်ပေးခြင်းနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မပြုခြင်းတို့ကို ပြုလုပ်မည်ဟုလည်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: Internet (ပုံဟောင်း)