မြန်မာ-တရုတ်နယ်စပ်တည်ငြိမ်ရေး တရုတ်ကို စစ်ခေါင်းဆောင် အကူအညီတောင်း၊ မြောက်ပိုင်းတပ်များကို ပြန်တိုက်မည်ဟုဆို

မြန်မာ-တရုတ်နယ်စပ်တည်ငြိမ်ရေး တရုတ်ကို စစ်ခေါင်းဆောင် အကူအညီတောင်း၊ မြောက်ပိုင်းတပ်များကို ပြန်တိုက်မည်ဟုဆို
ဇန်နဝါရီ 10, 2024 | 2021 Military Coup

မြန်မာ-တရုတ်နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံကို စစ်ကောင်စီက အကူအညီတောင်းပြီး မြောက်ပိုင်း မဟာမိတ်တပ်များကို ပြန်လည်တိုက်ခိုက်မည်ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Sun Weidong မြန်မာနိုင်ငံသို့ရောက်ရှိစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့က တွေ့ဆုံပြီး စစ်ခေါင်းဆောင်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် မြန်မာနိုင်ငံတွင်ရှိသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံး၏ အကျိုးစီးပွားအတွက်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူဖြစ်စေရမည်ဟု တရုတ်ကို စစ်ခေါင်းဆောင်က ပြောသည်ဟု ဆိုသည်။

“မြေပြင်အခြေအနေမှာ တင်းမာမှုတွေပြေလျော့ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးအစပျိုးဖို့ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေများ ပြန်လည်တည်ငြိမ်စေဖို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ပြောကြားခဲ့တာရှိပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ပြောဆိုနေသည့် ပြည်ထောင်စုစနစ်၊ ဖက်ဒရယ်စနစ်ကို နိုင်ငံရေးအရ တောင်းဆိုရမည့်အရာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ပွင့်လင်းစွာပြောဆိုပြီးဖြစ်သည်ဟုဆိုပြီး မြောက်ပိုင်းတပ်ဖွဲ့များကို ပြန်တိုက်မည်ဟုလည်း ပြောဆိုသည်။

ထို့အပြင် ယမန်နေ့က လူမှုကွန်ရက်တွင်ထွက်ပေါ်လာသည့်ခဲ့သည့် MNDAA တပ်သားတစ်ဦးက စေတီတစ်ဆူအားတူဖြင့် ထုနေသည့်ရုပ်သံကိုအသုံးချကာ မြန်မာပြည်သူများကို စစ်ကောင်စီက ဘာသာရေးဝါဒမှိုင်းတိုက်ပြီး မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားခြင်းဖြစ်သဖြင့် မြန်မာပြည်သူများပြန်လည်ပြီး သွေးစည်း၊ ညီညွတ်ရန်ပြောဆိုသည်။ 

အဆိုပါ MNDAAတပ်သားကို စည်းမျဉ်းစည်းကမ်းများနှင့် အရေးယူသွားမည်ဖြစ်ပြီး အဖွဲ့အစည်းက အမိန့်ပေးထားခြင်းမဟုတ်ကြောင်း ယမန်နေ့ညနေပိုင်းတွင် MNDAAက ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ခေါင်းဆောင်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ဒေသများအားလုံးနီးပါးနှင့် နယ်စပ်ကုန်သွယ်ရေးဇုန်များကို မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ထိန်းချုပ်ထားပြီး ကိုးကန့်၊ တအာင်းဒေသတို့ရှိ စစ်ကောင်စီတပ်စခန်း(၃၀၀)ကျော်ကိုလည်း ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ထားသည်။

#TachileikNewsAgency