တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့နယ် (၇)မိုင်ကျေးရွာရှိ နေအိမ်တစ်လုံး ဓားပြတိုက်ခံလိုက်ရသည်ဟု သိရသည်။
မိုးကုတ်မြို့ (၇)မိုင်ကျေးရွာရှိ နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ပစ္စတိုများကိုင်ဆောင်ထားသည့် အမည်မသိ လူနှစ်ဦးက ဓားပြဝင်တိုက်ပြီး နေအိမ်အတွင်းရှိ စိန်ရွှေရတနာများကို ယူဆောင်သွားသည်ဟု TNLA ဘက်က ယနေ့ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ထုတ်ပြန်သည်။
"အခုထိ ရှာဖွေနေဆဲပါ။ ဖမ်းမိမှ အရေးယူတဲ့အပိုင်း ဆက်လုပ်မှာပါ။"ဟု TNLA သတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။
ဓားပြတိုက်ခံရသည့်နေအိမ်သည် ဦးဂျဲတ်ဂတ်ဗဟာဒူး၏ နေအိမ်ဖြစ်ပြီး ရွှေ (၂၀)ကျပ်သား၊ စိန်လက်စွပ် (၅)ကွင်း၊ ကျောက်စိမ်း (၂)လုံး၊ ချယ်အပွင့်နားကပ်တစ်ခု၊ ရံရွှေနားကပ်တစ်ခု၊ ကျောက်နှစ်လိုင်းပါ လက်စွပ် တစ်ကွင်း၊ ကျောက်တစ်ထုပ်၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့ ပါသွားသည်ဟု သိရသည်။
အဆိုပါ အမျိုးသား(၂)ဦးတွင် တစ်ဦးသည် စစ်ဝတ်စုံနှင့်တူသော အဝတ်အစားကို ဝတ်ဆင်ထားပြီး ကျန်တစ်ဦးမှာ အရပ်ဝတ်ဖြင့် ဖြစ်သည်ဟု ဆိုသည်။
ဓားပြတိုက်သူများသည် မည်သည့်အဖွဲ့အစည်းကဖြစ်သည်ကိုမူ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency
#TNA_MAT
Photo: PSLF/TNLA News