ဘာသာရေးကို အသုံးချနေသည့် စစ်ကောင်စီက နိုင်ငံရေးအရ တောင်းဆိုမှုများကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ကြောင်း ဘာသာရေးပွဲတွင် ထပ်မံ ပြောဆို

ဘာသာရေးကို အသုံးချနေသည့် စစ်ကောင်စီက နိုင်ငံရေးအရ တောင်းဆိုမှုများကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ကြောင်း ဘာသာရေးပွဲတွင် ထပ်မံ ပြောဆို

တိုင်းရင်းသားဒေသများရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများပါမချန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  ဘာသာရေးကို အသုံးချသည့်အနေဖြင့် နိုင်ငံရေးအရတောင်းဆိုမှုများကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ကြောင်း ဘာသာရေးပွဲတစ်ခုတွင် ထပ်မံပြောဆိုလာသည်။

"ကြုံတွေ့လာသည့် ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကသာ အောင်မြင်စေနိုင်မည်ကို ယုံကြည်ပြီး နိုင်ငံရေးအရ တောင်းဆိုမှုများကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်သည့် အတွက် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ ရနိုင်မည် မဟုတ်သလို လက်နက်ကိုင် အကြမ်းဖက်မှု လမ်းစဉ်ကိုလည်း အားလုံးက ဆန့်ကျင်ကြရန်လိုကြောင်း" ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church တွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့က ပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယ ညစာ စားပွဲအခမ်းအနားတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းသို့ ထပ်မံ ပြောကြားခြင်း ဖြစ်သည်။

 

နိုင်ငံရေးအရတောင်းဆိုမှုများကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ကြောင်းကို အာဏာသိမ်း စစ်ခေါင်းဆောင်သည် မကြာခဏ ပြောဆိုလေ့ရှိသလို ယခုအခါတွင်လည်း ထပ်မံပြောကြားလာခြင်း ဖြစ်သည်။

  စစ်ကောင်စီသည် ငြိမ်းချမ်းရေးအတွက် မကြာခဏ ပြောဆိုနေသော်လည်း ၎င်းတို့ကိုယ်တိုင်က တိုင်းနှင့်ပြည်နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ခြင်း နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းအား ရပ်တန့်သွားခြင်း မရှိပေ။

 စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှုကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် ဘုရားရှိခိုးကျောင်း ပုံများ

နိုင်ငံ့အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်ကစပြီး ယနေ့အချိန်အထိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် တိုင်းနှင့်ပြည်နယ်များ အနက် ကရင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ကရင်နီ(ကယား)ပြည်နယ်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကို အဓိက လုပ်ဆောင်နေရာတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများဆုံးပါဝင်ပြီး စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဘုရားရှိခိုးကျောင်းများကိုလည်း ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

 ဘုရားရှိခိုးကျောင်းများကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦ ပျက်စီးမှုများနှင့် လူသေဆုံးမှုများစွာအထိ ဖြစ်ပေါ်ခဲ့သော်လည်း နှစ်စဉ် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယ ညစာ စားပွဲတိုင်းတွင် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့်အတူ အတူစားသောက်ကြသည့် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုသည် တားမြစ်ပြောဆိုခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့သည့်အတွက် ဘာသာဝင် အများအပြားက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။