ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်(၉)ဦး သေဆုံးသွားကြောင်း Simsa Kasa Multimedia ကဖော်ပြသည်။
ကုန်းလောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ဘေးတိမ်းရှောင်နေသော အရပ်သားများကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ (၁၃)နှစ်အောက်အရွယ် ကလေး(၇)ဦးနှင့် အသက်(၃၀)ကျော်အရွယ် အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ သေဆုံးသည်ဟု သိရသည်။
လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ Slg.Lazum Lung Wa အသက်(၃၆)နှစ်၊ Jan.Srn, Mun Mai အသက်(၃၆)နှစ်၊ Shd. Lazum Myu Jat Awng အသက်(၁၃)နှစ်၊ Shy.Lazum Sa Ra Seng အသက်(၁၁)နှစ်၊ Shy. Lazum May Sen Pan အသက်(၇)နှစ်၊ Shd. Lazum Sut Zai Li အသက်(၅)နှစ်၊ Shd.Gawlu Gum Seng Maw အသက်(၉)နှစ်၊ Shd.Sumlut Mung Htoi Awng အသက်(၁၁)နှစ်နှင့် Shy.Lashi Tsawm San အသက်(၁၀)နှစ်တို့ သေဆုံးသည်ဟု သိရသည်။
အဆိုပါ ဘုရားကျောင်းတွင် ခိုလှုံနေသူများမှာ မိုးမောက်မြို့နယ်အတွင်းဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများဖြစ်ပြီး ပြီးခဲ့သည့် မေလကတည်းက ရောက်ရှိနေကြခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo: Simsa Kasa Multimedia