နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများအား တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံတွင် အထိုင်ချတပ်စွဲထားသည့် အင်အား(၃၀)ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ နံနက် (၆)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် (၄)ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်ရှိ တပ်များမှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ပြည်စည်ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲအထိုင်ချထားသည့် စာသင်ကျောင်းတို့အား (၆၀)မမ လက်နက်ကြီးဖြင့် (၅)ကြိမ် ၊ ဒရုန်းဖြင့် (၂) ကြိမ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲသည် (၁)နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ရန်ကုန်-မန္တလေး အမြန်လမ်းမှ စစ်ကောင်စီတပ်၏ စစ်ကူကားများ ရောက်ရှိလာခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ တိုက်ခိုက်မှုအတွင်း Fixed Wings Drone (၂)စီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၇)ဦး သေဆုံးခဲ့ပြီး (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

အဆိုပါ တိုက်ခိုက်မှုအား မြင်းခြံခရိုင် အမှတ် (၄-၁၀)တပ်ရင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် MDDS အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့