ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် TNLA မှ SSPP တပ်များကို ဝင်တိုက်ဟုဆို 

ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် TNLA မှ SSPP တပ်များကို ဝင်တိုက်ဟုဆို 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့နယ်တို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်ကို တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်သည်ဟု SSPP က ထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ (၅)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်ကစတင်၍ ကျောက်မဲမြိုနယ်၊ ခေးနင်းကျေးရွာအုပ်စု လုပ်ပါကျေးရွာအနီးရှိ SSPP တပ်စခန်းကို TNLAက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့မှာပဲ ကျွန်တော်တို့တပ် (SSPP)ကို TNLA တပ်တွေက (၃)နေရာကနေ စပစ်ခတ်တိုက်ခိုက်ခဲ့တာ။ (၃)နေရာ စလုံးကို TNLA ဘက်ကပဲ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ချည်းပဲ။ ဒီဖက်မှာ ကျွန်တော်တို့တပ်စခန်းရှိတယ်။ စစ်ကြောင်းရှိတယ်ဆိုတာကို TNLA ဘက်ကို ကျွန်တော်တို့က အသိပေး ပြောထားပြီးသား။ TNLA ဘက်က မဟာမိတ်ကျင့်ဝတ် လေးစားလိုက်နာမှုမရှိကြောင်း လုပ်ရပ်တွေက ဖော်ပြနေတယ်။”ဟု SSPP စစ်မြေပြင် အရာရှိ တစ်ဦးက ပြောသည်ဟု SSPP ကဖော်ပြသည်။ 

အဆိုပါ လုပ်ပါကျေးရွာ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ကျောက်မဲမြိုနယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ နောင်ပိန်ကြီးကျေးရွာ အနီးတွင်လည်း TNLA တပ်သားများက SSPPတပ်ကို ဝင်ရောက်တိုက်ခိုက်သည်ဟု ဆိုသည်။

ထို့အပြင် သီပေါမြို့နယ်၊ ကြံခင်းကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာအတွင်း၌လည်း TNLA တပ်က SSPP တပ်ကို တိုက်ခိုက်ခဲ့သည်ဟု SSPP က ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို Tachileik News Agency က ဆက်သွယ်မေးမြန်းသော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်လည်မဖြေကြားပါ။

တိုက်ပွဲမဖြစ်ခင်ကပင် သီပေါ - ကျောက်မဲ - နောင်ချို ကားလမ်း အရှေ့ဘက်ခြမ်း တစ်လျှောက်၌ SSPP တပ်များ လုံခြုံရေးတပ်ချဖြန့်ကျက်နေရာယူထားသည့်အကြောင်း TNLA ကို အသိပေးအကြောင်းကြားမှုရှိခဲ့သည်ဟုလည်း ဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ပြဿနာများ မကြီးထွားလာစေရေးအတွက် အောက်ခြေတပ်သားများကို ထိန်းသိမ်းကြပ်မတ်ရန် SSPP တပ်မှ TNLA တာဝန်ရှိသူများထံသို့ ဆက်သွယ်ပြောကြားခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။ 

 

TNLA သည် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်လည်း တိုက်ပွဲများပြင်းထန်နေသည်။

#TachileikNewsAgency