မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် ထွက်ပြေးတိမ်းရှောင်

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် ထွက်ပြေးတိမ်းရှောင်

မန္တလေးတိုင်း မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် တော်လှန်ရေးတပ်များက လိုက်လံရှင်းလင်းနေကြောင်း မိုးကုတ်ဗျူဟာတပ်ရင်းက ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

"မိုးကုတ်မြို့တွင်း၊ အပြင်ရှိ ပြည်သူများခင်ဗျာ စကစများဘက်မှ အရပ်ဝတ်များဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် အခြေအနေများရှိနေပါသဖြင့် လိုက်လံရှင်းလင်းဆောင်ရွက်နေပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့အိမ်တွင်းမှာသာ နေပေးကြပါရန်နှင့် လုံခြုံရေးသတိဖြင့် ဂရုစိုက်ကြပါရန်" အသိပေးနှိုးဆော်အပ်ပါသည်ဟု မိုးကုတ်ဗျူဟာက ထုတ်ပြန်အသိပေးထားသည်။

ယမန်နေ့က မိုးကုတ်မြို့ရဲစခန်း၊ အေးစေတီတွင်တပ်စွဲထားသည့် စစ်ကောင်စီ ခလရ(၈၈)လက်အောက်ခံ လပခ၊ ခလရ (၁၄၈)တပ်စခန်းတို့ကို TNLA နှင့် တော်လှန်ရေးတပ်များက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင်လည်း တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။

ထို့အပြင် မိုးကုတ်မြို့ရှိ တိုက်ပွဲသို့ စစ်ကူသွားရောက်မည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်(၃)စီးနှင့် စစ်ကောင်စီ တပ်သား (၄)ဦးကိုလည်း ဇွန်လ (၂၇)ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည်ဟု ပြင်ဦးလွင်ခရိုင် ပကဖ ကသတင်းထုတ်ပြန်သည်။ 

ဖမ်းဆီးရမိသည့် ကားများမှာ လက်နက်ခဲယမ်းများသယ်ဆောင်လာသော ကားတစ်စီး၊ အငှားယာဥ်တစ်စီးနှင့် လိုက်ထရပ်ကားတစ်စီးတို့ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency