NUGမှ ဧပြီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် သန်းငါးရာကျော် ပံ့ပိုးကူညီ

NUGမှ ဧပြီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် သန်းငါးရာကျော် ပံ့ပိုးကူညီ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် သန်းငါးရာကျော်ကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးကြောင်း ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၉) ရက်တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူသို့ လှူဒါန်းသည့် အလှူငွေများကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နှင့် စစ်ဘေးရှောင်ပြည်သူ (၄၂၄,၀၀၅) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၄၁၁.၇)သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် ပြည်သူ (၁၅၇)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၆၉)ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၂၉.၂)သန်း အသုံးပြုခဲ့ကြောင်း NUGမှ သတင်းထုတ်ပြန်သည်။

ဆက်လက်၍ CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၂.၅)သန်း ၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (ဝ.၉)သန်း ၊ ပြည်သူများအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်မှု၌ ငွေကျပ် (၁၈.၃)သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၃၃)သန်း  အသုံးပြုခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာများ ပံ့ပိုးခြင်း၊ မီးရှို့ခံရသည့်နေအိမ်များထဲမှ လုံခြုံစိတ်ချရသည့်နေရာတွင် ဆောက်လုပ်နိုင်သည့် နေအိမ် (၄)လုံးကို ယာယီတဲဆောက်လုပ်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကြားကာလပညာရေးဖော်ဆောင်လျက်ရှိသည့် မြေပြင်အခြေခံပညာစာသင်ကျောင်းများ၌ ဗုံးခိုကျင်း (၁၁)ကျင်း တူးဖော်ပေးခြင်းတို့အပါအဝင် လူသားချင်းစာနာမှုအကူအညီအဖြစ် စုစုပေါင်း ငွေကျပ် (၅၀၅.၆)သန်းကို အမှန်တကယ် အကူအညီလိုအပ်နေသူများထံ ပေးအပ်ခဲ့ကြောင်း NUG မှ ဆိုသည်။

တော်လှန်ရေးကာလ (၃) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency