ယူကေမှ မြန်မာစစ်တပ်အား လေယာဥ် လောင်စာဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူ

ယူကေမှ မြန်မာစစ်တပ်အား လေယာဥ် လောင်စာဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူ

ဗြိတိန်နိုင်ငံ (ယူကေ) မှ မြန်မာစစ်တပ်အား လေယာဥ် လောင်စာဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူလိုက်ကြောင်း မြန်မာနိုင်ငံရာ ဗြိတိန်သံရုံးမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယူကေမှ မြန်မာစစ်တပ်အား လေကြောင်းလောင်စာဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများဖြစ်သည့် Asia Sun Group Company Limited၊ Swan Energy Company Limited၊ Myan-Oil Company Limited၊ Rich Ray Trading Company Limited နှင့် Progress Technology Support Company Limited (a.k.a Royal Shune Lei) တို့အား ပစ်မှတ်ထား ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝှမ်းတွင် ဖြစ်ပွားနေသည့် မြန်မာစစ်တပ်၏ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို လေကြောင်းတိုက်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် လက်ခံနိုင်ဖွယ်မရှိဘဲ ၊ အပြစ်မဲ့အရပ်သားများအပေါ် ထိခိုက်ခြင်းသည်လည်း သည်းခံနိုင်ဖွယ်မဟုတ်ကြောင်း ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်ပြီး အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ပြောဆိုသည်။

“ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီသို့ ပစ္စည်းကိရိယာများနဲ့ လေကြောင်းလောင်စာများ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။ ယခုချမှတ်လိုက်တဲ့ ပိတ်ဆို့မှုများဟာ မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမှာဖြစ်ပါတယ်။” ဟု အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ပြောသည်။

၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အကြိမ်အရေအတွက်အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သား စုစုပေါင်း ဒါဇင်နှင့်ချီသေဆုံးခဲ့ရကာ တာဝန်ခံမှု၊ တရားမျှတမှုရှိရန်နှင့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ယူကေသည် အီးယူနှင့် ကနေဒါနိုင်ငံနှင့်အတူ ပူးတွဲတောင်းဆိုလိုက်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency

Photo: Internet (ပုံဟောင်း)