တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း စက်တင်ဘာလအတွင်း၌ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး

တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း စက်တင်ဘာလအတွင်း၌ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး
စက်တင်ဘာ 8, 2024 | 2021 Military Coup| အခြားဒေသများ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း စက်တင်ဘာလ ပထမအပတ်အတွင်း၌ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား (၃)ဦး သေဆုံးပြီး ကလေးငယ် တချို့အပါအဝင် (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ရေတာရှည်မြို့နယ်၊ လုံးရန်းအုပ်စု၊ ကျွဲကောပင်ရွာနေ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ဖြူးမြို့နယ် လေးအိမ်စုရွာနေ အမျိုးသမီးတစ်ဦး စုစုပေါင်း (၂)ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရပြီး၊  သထုံမြို့နယ် လစ်ဟင်းရွာတွင် စစ်ကောင်စီတပ်သားများက အရပ်သားလူငယ် (၂)ဦးကို မသင်္ကာသဖြင့် ပစ်ခတ်ဖမ်းဆီးရာ (၁)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ၎င်း၏လက်ဝေခံအဖွဲ့များ ပြုလုပ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြီးခဲ့သည့် (၇)ရက်တာ ကာလအတွင်း  ကလေးငယ် (၃) ဦး အပါအဝင် (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူဦးရေသည် (၉၁)ဦး ထိရှိခဲ့ကာ နေအိမ်များ၊ နွားတင်းကုပ်များနှင့် ဆိုင်ကယ်များလည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများ လုပ်ကိုင်စားသောက်ရာ ဥယာဉ်ခြံများအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်၍ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်းများကြောင့် မိုင်းနင်းမိသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့နေကြရကြောင်း သိရှိရသည်။ 

ဖော်ပြပါအချက်အလက်များသည် ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် ထိခိုက်သေဆုံးမှုများ ပိုမိုများပြားနိုင်ကြောင်း တောင်ပိုင်းစစ်ဒေသမှ အသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် တောင်ပိုင်းစစ်ဒေသ နယ်မြေအတွင်း၌ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း ၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်ကြောင်း သိရသည်။

#TachileikNewsAgency