မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းတွင် တိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ မတ်လ(၄)ရက်၊ မနက်ပိုင်းတွင် မကွေးတိုင်း၊ မြောင်မြို့နယ် နေပူကုန်းရွာကို ဝင်ရောက်ကာ မီးရိူ့ဖျက်ဆီးခဲ့ကြပြီး နွား၊ ဝက်နှင့် ပစ္စည်းများ စစ်သင်္ဘောပေါ်တင်ကာ ခိုးယူသွားကြကြောင်း ဇာမဏီ ပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာသည်။
မြင်းခြံမြို့နယ်အတွင်း ဆီမီးခုံဆိပ်ကမ်းတွင် အင်အား (၁၀၀)ဝန်းကျင်၊ စစ်သင်္ဘော(၂)စီးဖြင့် (၆)လအကြာတပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက RPG ဖြင့်ပစ်ခတ်ခဲ့ရာ သင်္ဘောတစ်စီး ပျက်ဆီးပြီး (၁၉)ဦးသေကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ယနေ့မတ်လ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်များသည် မတ်လ(၁)ရက်နေ့က သွားရောက် တိုက်ခိုက်ရာတွင် PDF တပ်များ၏ RPG ပစ်ချက်ကြောင့် စစ်သင်္ဘောတစ်စီး ပျက်စီးသွားခဲ့ပြီးနောက် လက်နက်ငယ်များဖြင့် ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အထိနာပြီး (၁၉)ဦး သေကြောင်း သိရသည်။