စင်္ကာပူတွင် ၁၀ ဒေါ်လာ လာဘ်ထိုးရန်ကြိုးစားသည့် မြန်မာအမျိုးသားတစ်ဦး ထောင်ဒဏ် (၁၂)ရက် ချမှတ်ခံရကြောင်း စထရိတ်တိုင်းမ်သတင်းက ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့တွင် သတင်းဖော်ပြသည်။
အသက် ၃၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက ရေမြောင်းအတွင်း ဆေးလိပ်တိုပစ်ချမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီမှ တာဝန်ရှိသူက စစ်ဆေးစဉ် လာဘ်ထိုးရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူအမျိုးသမီးအား စင်္ကာပူဒေါ်လာ (၁၀) ဖြင့် လာဘ်ထိုးရန်ကြိုးစားသည့် အဆိုပါ မြန်မာအမျိုးသားကို အောက်တိုဘာလ (၂၂)ရက်နေ့တွင် ထောင်ဒဏ် (၁၂)ရက် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများက Heartland Mall ဝန်းကျင် အမှိုက်ပစ်ခြင်း၊ တံတွေးထွေးခြင်းစသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ပြုလုပ်မှုအခြေအနေကို မတ်လ (၂၅)ရက်နေ့က စစ်ဆေးစဉ် အဆိုပါ မြန်မာအမျိုးသားကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းက စီးကရက်တို ပစ်ချမိကြောင်း ဝန်ခံပြီး တစ်ကြိမ်တစ်ခါ ခွင့်လွှတ်ပေးပါရန် တောင်းပန်ရင်း ဒေါ်လာ ၁၀ လာဘ်ထိုးရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာပြည်တွင် မွေးဖွားကြီးပြင်းခဲ့သည့် ကိုအောင်မိုးလှိုင်အနေဖြင့် ရဲကိုမြင်သည်နှင့် ရက်စက်စွာအကြမ်းဖက်ခံရမည်ကို ကြောက်ရွံ့တုန်လှုပ်စိတ်ကြောင့် လာဘ်ပေးရန် ကြိုးစားမိခြင်းဖြစ်၍ တစ်ပတ်ထက်နည်းသည့် ထောင်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စင်္ကာပူတွင် လာဘ်ပေးမှုမှာ ထောင်ဒဏ် (၅)နှစ်အထိနှင့် ဒဏ်ကြေး ဒေါ်လာ တစ်သိန်းအထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း သိရသည်။
Source: The Straits Times
#TachileikNewsAgency