မဲဆောက်ရှိ ဟိုတယ်၊ မိုတယ်များနှင့် ရပ်ကွက်များတွင် နိုင်ငံခြားသားများကို ထိုင်းအာဏာပိုင်များ ရှောင်တခင်ဝင်ရောက် စစ်ဆေးနေ 

မဲဆောက်ရှိ ဟိုတယ်၊ မိုတယ်များနှင့် ရပ်ကွက်များတွင် နိုင်ငံခြားသားများကို ထိုင်းအာဏာပိုင်များ ရှောင်တခင်ဝင်ရောက် စစ်ဆေးနေ 

ထိုင်း - မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျားဖြန့်လုပ်ငန်းဂယက်ကြောင့် ဟိုတယ်၊ မိုတယ် နှင့် နိုင်ငံခြားသားများ တည်းခိုနေသည့် နေရာများကို ထိုင်းအာဏာပိုင်းများက ဝင်ရောက်စစ်ဆေးနေသည်ဟု သိရသည်။

ထိုင်းအာဏာပိုင်များက ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့က စတင်ကာ နေရာပေါင်း (၁၃၁)နေရာကို အင်အား (၂၇၅)ဦးပါ ပူးပေါင်းအဖွဲ့က အဖွဲ့ (၁၀)ဖွဲ့ခွဲ၍ ဝင်ရောက်စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် Visa သက်တမ်းကုန်နေသော ဖိလစ်ပိုင် နိုင်ငံသား (၅)ဦး၊ အိန္ဒိယနိုင်ငံသားတစ်ဦးတို့ကို ဟိုတည်တစ်ခု၌ စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ပြီး ဥပဒေအရအ‌ရေးယူပြီး နေရပ်နိုင်ငံသို့ ပြန်ပို့မည်ဟု ထုတ်ပြန်ထားသည်။

“ဟိုတယ်တွေ ဝင်စစ်တာ။ လမ်းက ဂိတ်ချစစ်တယ်။ အိမ်တွေက ဆာသုလေဘက်မှာစစ်တယ်။ ပုံမှန်မရှိဘူး ထေ့စဘန်းရုံးရှေ့လည်း ချတတ်တယ်။ လေယာဉ်ကွင်းနားလည်း ဂိတ်ချတတ်တယ်။ မြန်မာတွေကတော့ ဘတ်လုပ်ထားရင် ပြဿနာတော့မရှိဘူး။ သွားလာနေတာပါပဲ။ မသွားမဖြစ်ကိစ္စတွေရှိရင်ပေါ့။”ဟု မြန်မာအလုပ်သမားတစ်ဦးက Tachailik News Agency ကိုပြောသည်။

မြန်မာဘက်ခြမ်း BGF ထိန်းချုပ်နယ်အတွင်း ကျားဖြန့်လုပ်ငန်းများက လူကုန်ကူးခြင်းများ ဆက်တိုက်လုပ်ဆောင်ခြင်းကြောင့် ထိုင်းအစိုးရက (၆)လစီမံချက်ချပြီး စစ်ဆေးရေးတင်းကြပ်နေခြင်းဖြစ်သည်ဟု သိရသည်။

“အခုက ဆိုင်တွေပဲ ကြောက်နေရတာ။ ဆိုင်တွေခိုးဖွင့်ရတာပေါ့။ တချို့က အလှပြင်ဆိုင်ဖွင့်တာဆိုတော့ တရားမဝင်ဘူး။ ထမင်းဆိုင်ဆိုရင်လည်း အာမခံပေးမယ့်သူဌေးမရှိတာတို့ တရားမဝင်အလုပ်သမားတွေ ခေါ်ခန့်ထားတာမျိုးကျတော့ ကြောက်ရတာပေါ့။”ဟု ဆိုင်ဖွင့်ထားသည့် မြန်မာတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များသည် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှ မဲဆောက်ဈေးအထိ ဂိတ်(၃)ဂိတ်ဖွင့်ကာ စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၁၉)ရက်နေ့ကလည်း မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများမှ ထွက်ပြေးလာပြီး တရားမဝင်လမ်းက ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ဝင်ရောက်လာသော အင်ဒိုနီးရှားနိုင်ငံသား (၃၂)ဦးကို ထိုင်းအာဏာပိုင်းများက ဖမ်းဆီးလိုက်သည်။  

BGF ထိန်းချုပ်နယ်မြေတွင် ကျားဖြန့်လုပ်ငန်းများ ကြီးစိုးနေပြီး ပြီးခဲ့သည့် ဇန်နဝါရီလ (၃)ရက်နေ့ကလည်း တရုတ်သရုပ်ဆောင်မင်းသားတစ်ဦး လူကုန်ကူးခံရပြီး ပြန်လည်ကယ်ထုတ်ခဲ့ရသည်။

 

ထို့နောက် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ် အပါအဝင် မြို့နယ်(၅)ခုကို ထိုင်းအစိုးရက လုံခြုံရေးတင်းကြပ်ထားပြီး ဂိတ်များဖွင့်ကာ အစစ်အဆေး တင်းကြပ်ထားကာ အသိပေးဆိုင်းဘုတ်များလည်း ထောင်ထားသည်။

#TachileikNewsAgency

#TNA_MAT

Photo:Tak Immigration