ဂမုန်းရေလှောင်တမံ ကျိုးပေါက်မှုမရှိစေရေးအတွက် PDF က ထိန်းသိမ်းဆောင်ရွက်လျှက်ရှိပြီး ပြည်သူများ မစိုးရိမ်ကြရန် အသိပေး

ဂမုန်းရေလှောင်တမံ ကျိုးပေါက်မှုမရှိစေရေးအတွက် PDF က ထိန်းသိမ်းဆောင်ရွက်လျှက်ရှိပြီး ပြည်သူများ မစိုးရိမ်ကြရန် အသိပေး
စက်တင်ဘာ 26, 2024 | အခြားဒေသများ

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံ ကျိုးပေါက်မှုမရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျှက်ရှိပြီး ပြည်သူများ မစိုးရိမ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ယနေ့ စက်တင်ဘာလ ( ၂၆ ) ရက်နေ့တွင် သတင်းထုတ်ပြန် အသိပေးသည်။

ပဲခူးရိုးမအတွင်းရှိ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်း၌ ယခုလပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဂမုန်းရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်အထက် ရောက်ရှိကာ တမံကျိုးပေါက်နိုင်သည့် အခြေအနေကို ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအခြေအနေအား ထိန်းသိမ်းရမည့် စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်းများ မရှိသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ တမံကျိုးပေါက်မှု မရှိစေရေးအတွက်  ပင်မရေထိန်းတံခါးမှ ထိန်းညှိ၍ ရေလွှတ်ခြင်း၊ ရေပိုလွဲမှ ရေစီးဆင်းမှုကောင်းစေရန် အမှိုက်ရှင်းခြင်း၊ တမံကြံ့ခိုင်မှုအား စစ်ဆေးခြင်းများ နေ့ညမပြတ် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ဂမုန်းရေလှောင်တမံ မကျိုးပေါက်စေရန် ထိန်းသိမ်းဆောင်ရွက်နေသောကြောင့် ဂမုန်းရေလှောင်တမံနှင့် ပတ်သတ်၍ ပြည်သူများ မစိုးရိမ်ကြရန် မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုအဖွဲ့မှ အသိပေးထားသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို