ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုက စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံ ထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရ

ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုက စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံ ထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရ
ဖေဖော်ဝါရီ 15, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့ကစတင်ကာ အာဏာသိမ်းစစ်အုပ်စုက စစ်ကြောင်းထိုးသဖြင့် ကျေးရွာ (၇)ရွာမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ခင်ဦးမြို့နယ်ကို စစ်အုပ်ချူပ်ရေးကြေညာပြီးနောက် စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ (၇)ရွာမှ ဒေသခံများ တိမ်းရှောင်နေကြရသည့်အပြင် သေနပ်စိန်ကျေးရွာနှင့် စောကြီးကျေးရွာမှ မီးဘေးသင့်ပြည်သူများ၏ ယာယီထန်းရွက်တဲများကိုလည်း အာဏာသိမ်းစစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့ကလည်း မင်းကံကြီးကျေးရွာ၊ လက်ပံလှ ကျေးရွာ၊ လောင်းရှည်ကျေးရွာတို့ရှိ ပြည်သူပိုင်နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ကြသေးသည်ဟု သိရသည်။

အဆိုပါ စစ်ကြောင်းသည် လောင်းရှည်ကျေးရွာအတွင်း တပ်စွဲနေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာ(၅)ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း သိရသည်။

တိမ်းရှောင်နေရသူများထဲတွင် ကလေးသူငယ် လူကြီးရွယ်အိုများ နှင့် ကိုယ်ဝန်ဆောင် မိခင်သည်များ၊ သွေးနုသားနုမိခင်များပါပြီး စားစရာ၊ နေစရာ၊ အဝတ်အထည်များပါ အရေးပေါ်လိုအပ်နေသည့်အတွက် ပြည်တွင်းပြည်ပမှ စေတနာရှင်များအနေဖြင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး