နေပြည်တော်တွင် ရေကြီးမှုကြောင့် လျှပ်စစ်မီးဖြတ်တောက်ထားပြီး ဖုန်းလိုင်းများလည်း ဆက်သွယ်ရခက်ခဲနေ

နေပြည်တော်တွင် ရေကြီးမှုကြောင့် လျှပ်စစ်မီးဖြတ်တောက်ထားပြီး ဖုန်းလိုင်းများလည်း ဆက်သွယ်ရခက်ခဲနေ
စက်တင်ဘာ 12, 2024 | အခြားဒေသများ

နေပြည်တော်ကောင်စီနယ်မြေနှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ရေကြီးမှုကြောင့် ၂၀၂၄ခုနှစ် စက်တင်ဘာလ ( ၁၁ ) ရက်နေ့မှ စတင်ပြီး လျှပ်စစ်မီးဖြတ်တောက်ထားကာ ဖုန်းလိုင်းများလည်း ဆက်သွယ်ရခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသန်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်တွင် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နေအိမ်ထောင်နှင့်ချီ ရေနစ်မြုပ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးများလည်း လုံလောက်မှုမရှိဘဲ လိုအပ်နေကြောင်း သိရသည်။

“နေပြည်တော်မှာတော့ မီးဖြတ်ထားတယ် ၊ ပျဉ်းမနားမှာတော့ ရသေးတယ်ပြောတယ်။ ဖုန်းလိုင်းတွေကလည်း လျှပ်စစ်မီးမရတော့ ရတချက် မရတချက်ပဲ။ ဒေတာ (Data) တွေတော့ ရသေးတယ်။”ဟု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိအချိန်တွင် နေပြည်တော်နယ်မြေအတွင်း ရေဆက်လက်မြင့်တက်နေကာ ရေစီးအားလည်းသန်သဖြင့် စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း၊ထို့ပြင် ရေဘေးကြုံတွေ့နေရသည့် ဒေသခံများအနေဖြင့် အရေးပေါ် အကူအညီများရရှိရန် လိုအပ်နေကြောင်း သိရသည်။

ရာဂီမုန်တိုင်းအရှိန်ဖြင့် နိုင်ငံအနှံ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ မြို့ပေါင်း (၁၀)မြို့ထက်မနည်း ရေနစ်မြုပ်နေပြီး ပြည်သူပေါင်း သောင်းနှင့်ချီ ရေဘေးသင့်နေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ ပြောပြချက်အရသိရသည်။

#TachileikNewsAgency

Photo: အနာဂတ်ကြယ်ပွင့် သွေးအခမဲ့နှင့် လူမှုကူညီရေးအသင်း