သံလျင်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ ထောက်ခံပွဲတွင် တာချီလိတ်လို ဖြစ်မည်စိုး၍ တပ်လုံခြုံရေး အပြည့်ဖြင့် လမ်းပိတ် လုပ်ဆောင်

သံလျင်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ ထောက်ခံပွဲတွင် တာချီလိတ်လို ဖြစ်မည်စိုး၍ တပ်လုံခြုံရေး အပြည့်ဖြင့် လမ်းပိတ် လုပ်ဆောင်
ဖေဖော်ဝါရီ 2, 2022 | အခြားဒေသများ

တာချီလိတ်မြို့ကဲ့သို့ ဗုံးခွဲတိုက်ခိုက်ခံရမည်ကို ကြောက်သဖြင့် ရန်ကုန်တိုင်း၊ သံလျင်မြို့နယ်၌ ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ နေ့လည်(၁၂)နာရီခွဲတွင်ပြုလုပ်သည့် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပွဲအား လုံခြုံရေး အပြည့်ယူကာ လမ်းပိတ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ မိသားစုဝင်များနှင့် USDP ပါတီဝင်များ စုစုပေါင်း လူဦးရေ (၅၀) ဝန်းကျင်ဖြင့် ပြုလုပ်သည့် အဆိုပါ ထောက်ခံပွဲကို သံလျင် လမ်းမကြီး၊ ဘုရားကုန်းမှ နာရီစင်အထိ လမ်းပိတ်ကာ ပြုလုပ်ခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။

မနေ့က တာချီလိတ်မှာ ဗုံးကွဲသလိုဖြစ်မှာ ကြောက်လို့ထင်တယ်။ အဓိက လမ်းမကြီးကို ပိတ်ချထားတာ။ ပြီးတော့ ယာဉ်ထိန်းရဲ(၃) ယောက်လောက်က လမ်းကြောင်းပြောင်းပေးတယ်။ သူတိုနောက်မှာ သံဆူးကြိုးတွေနဲ့ကာထားပြီး စစ်သားတွေက လုံခြုံရေးယူထားတယ်။ အပြင်လူတစ်ယောက်မှ ဖြတ်သန်းခွင့်မပေးဘူး။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ပြော သည်။

အဆိုပါ ထောက်ခံပွဲကို ကြည်းတပ်နှင့် ရေတပ်တို့က လမ်းပိတ်ကာ လုံခြုံရေးပေးခဲ့သည့်အပြင် စစ်ကားအကြီးတစ်စီးဖြင့် အနီးကပ် လုံခြုံရေးပေးထားသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency