ဒေါ်လာလဲလှယ်နှုန်းမြင့်တက်သဖြင့် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များပါ စစ်ကောင်စီကိုဝေဖန်လာ

ဒေါ်လာလဲလှယ်နှုန်းမြင့်တက်သဖြင့် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များပါ စစ်ကောင်စီကိုဝေဖန်လာ

အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းသည် ယနေ့ ၂၀၂၄ ခုနှစ် မေလ (၃၀)ရက်နေ့တွင် ၅၀၁၀ ကျပ်အထိ မြင့်တက်လာသဖြင့် စစ်တပ်နှင့်နီးစပ်သည့် စီးပွားရေးသမားများပင် စစ်ကောင်စီကို ဝေဖန်လာကြသည်။ 

"ဒီနေ့ ရွှေဈေး၊ ‌ဒေါ်လာဈေးက ထိန်းမနိုင်သိမ်းမရဖြစ်နေပြီ။ အရောင်းလည်းပျောက်၊ အဝယ်လည်းပျောက်သွားပြီ။ ဒီအခြေအနေဟာ လက်ရှိအစိုးရရဲ့ ကိုင်တွယ်နေတဲ့ ငွေကြေးဆိုင်ရာ အစိုးရရဲ့ ထိန်းချုပ်မှုတွေကျဆင်းတာပဲ။ ငွေကြေးဖောင်းပွမှုရဲ့ အရင်းခံအကြောင်းရင်းပဲ။ အထူးသဖြင့်‌တော့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေ အခြေအနေဆိုးကုန်တယ်။ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်က ပိုင်လို့ရတယ်။ အစိုးရဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲလို့မရဘူး။ ဗျူရိုကရက်တွေနဲ့ စီးပွားရေးလုပ်လို့မရဘူး။"ဟု စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန်ထားသည်။

လက်ရှိတွင် ပြည်တွင်း၌ ဒေါ်လာရောင်းဝယ်မှုရပ်နားထားရသည့် အခြေအနေဖြစ်ပြီး နိုင်ငံခြားသွင်းကုန်သမားများလည်း အထိနာကာ ရပ်နားထားရသည့်အခြေအနေဖြစ်သည်ဟု သိရသည်။

"စစ်ကောင်စီကတော့ ငွေဈေးကိုချုပ်ထားသေးတယ်။ ၃၉၀၀ ကျပ်၊ ၄၀၀၀ ကျပ်ဝန်းကျင်နဲ့ ဖြတ်နေတုန်းပဲ။ ကျွန်တော်တို့က ဗီဇာကဒ်တွေသုံးရတော့ ဗီဇာနဲ့ ငွေရှင်းတော့ ၃၉၈၀ ကျပ်နဲ့ဖြတ်တယ်။ ဖမ်းခံရမှာတွေ ဖြစ်မှာစိုးတော့ စစ်ကောင်စီလက်အောက်က ဘဏ်တွေက ဈေးချုပ်ထားသေးတာ။ ပြင်ပမှာတော့ အဝယ်ဒိုင်တွေရပ်သွားတယ်။ ပြဿနာက ဘယ်မှာဖြစ်လဲဆို သွင်းကုန်သမားတွေ ပစ္စည်းဝယ်ရတော့မယ်အခါ ဒေါ်လာဝယ်မရတော့တာပဲ။ ဈေးတက်ပါစေ ဒါမှ ဒီကောင်တွေပြုတ်ကျမှာ။"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ရွှေစျေးနှုန်းမှာ မီးလင်းရွှေတစ်ကျပ်သားလျှင် (၅၈သိန်း ၄သောင်း) ဖြင့် စျေးစတင်ဖွင့်ခဲ့ပြီး ယနေ့ နေ့လယ်တွင် (၅၈ သိန်း ၈ သောင်းခွဲ) စျေးသို့ ရောက်လာကြောင်း သိရသည်။

#TachileikNewsAgency