စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ယနေ့ မွန်းလွဲပိုင်းမှ စတင်ပြီး အောက်တိုဘာလ (၆) ရက်နေ့အထိ နေရာအနှံ့အပြားတွင် မိုးရွာသွန်းနိုင်ပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့ နေ့လယ် (၂)နာရီတွင် သတိပေးချက် ထုတ်ပြန်ထားသည်။
ယနေ့ နေ့လယ် (၁၂) နာရီခွဲ တိုင်းထွာမှုအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့်လည်းကောင်း အဆိုပါ နေရာများတွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ သတိပြုရန် လိုအပ်ကြောင်း မိုး/ဇလက ခန့်မှန်းသတိပေးထားသည်။
#TachileikNewsAgency
Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန